ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းကို စွန့်ခွာတော့မယ့် နည်းပြချုပ် ယာဂင် ကလော့ပ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် စပို့တင်း လစ္စဘွန်းရဲ့ နည်းပြချုပ် အမိုရင်ကို ၃နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဂျာမန်လူမျိုး နည်းပြချုပ် ယာဂင် ကလော့ပ်က ၂၀၁၅ခုနှစ်မှ စတင်ကာ လီဗာပူးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ၉နှစ်တာ ကာလအတွင်းမှာ လီဗာပူးအတွက် ချန်ပီယံလိဂ် ၁ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကာရာဘောင်းဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ရယူပေးခဲ့ပါတယ်။

Photo Credit: Team Talk

ကလော့ပ်က ယူရိုပါလိဂ်ပြိုင်ပွဲကလွဲပြီး လီဗာပူးအတွက် ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို ရယူပေးနိုင်ခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ အချစ်တော်နည်းပြ ဖြစ်နေပေမယ့် ကလော့ပ်ကတော့ နည်းပြလောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက် မိသားစုကို အချိန်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ လီဗာပူးကို စွန့်ခွာကာ နည်းပြလောက ကနေ ခေတ္တ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် နည်းပြတွေကို လိုက်လံ ရှာဖွေခဲ့ပြီး လီဗာပူးက လေဗာကူဆင်နည်းပြ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်ခဲ့ပေမယ့် အလွန်ဆိုက လေဗာကူဆင်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် စပို့တင်း လစ္စဘွန်းနည်းပြချုပ် အမိုရင်ကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးစားခဲ့ရပါတယ်။

Photo Credit: Sporting Life

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ လီဗာပူးက ယနေ့ နေ့လယ်ပိုင်းမှာပဲ စပို့တင်း လစ္စဘွန်းရဲ့ နည်းပြချုပ် အမိုရင်ကို သူတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး လီဗာပူးဟာ အမိုရင်ကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ပေးပို့ ကမ်းလှမ်းထားကြောင်း သိရှိရပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ အမိုရင်နဲ့ စပို့တင်း လစ္စဘွန်းတို့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ပေါ်တူဂီကလပ် မဟုတ်တဲ့ ကလပ်အသင်း တသင်းက အမိုရင်ကို ခေါ်ယူချင်ရင် နစ်နာကြေး ယူရို ၂၀သန်း အထိ ပေးရမယ် ဆိုတဲ့ သဘောတူညီချက် ပါဝင်ပေမယ့် လီဗာပူးက အမိုရင်အတွက် နစ်နာကြေး ယူရို ၁၀သန်း ဝန်းကျင်သာ ပေးချေရလိမ့်မယ်လို့ ဆိုထားပါတယ်။