ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ရိုင်ကိန်းကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာက ကံကောင်းလို့သာ ဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဖြစ် လိဂ်ပြိုင်ဘက် ဖူလ်ဟမ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် နောက်ကျချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက် ၃-၁ ဖူလ်ဟမ် ပွဲစဉ်မှာ နှစ်သင်းစလုံးက ရှိတဲ့ ကစားသမား အစုံအလင်ကို ထည့်သွင်းကာ အနိုင်ရအောင် ကြိုးစားခဲ့ကြပြီး အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ပထမပိုင်းမှာ ခြေစွမ်းပိုင်း အသာစီး ရခဲ့ပေမယ့် ဒုတိယပိုင်း အစမှာတော့ ဧည့်သည် ဖူလ်ဟမ်က ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့ပြီး ဖူလ်ဟမ် အတွက် ဦးဆောင်ဂိုးကို အဓိက တိုက်စစ်မှူး မီထရိုဗစ်က သွင်းယူပေးခဲ့တာပါ။

၀-၁ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က ချေပဂိုး ပြန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဖူလ်ဟမ်ကသာ ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပြီး ဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းကြောင့်သာ အိမ်ရှင်တို့ သက်သာခဲ့ရတာပါ။ ပွဲချိန် ၇၀မိနစ် ဝန်းကျင်မှာတော့ ပွဲကို အလှည့်အပြောင်း ဖြစ်စေမယ့် အဖြစ်အပျက် တခု ဖြစ်သွားခဲ့ပြီး အဲ့ဒီ အဖြစ်အပျက်ကတော့ ယူနိုက်တက် တောင်ပံကစားသမား ဆန်ချိုရဲ့ ကန်ချက်ကို ဖူလ်ဟမ် ဝါရင့် ကစားသမား ဝီလီယံက လက်နဲ့ ပုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဝီလီယံဟာ ဆန်ချိုက ဂိုးသမား လီနိုကို လှလှပပ လိမ်ခေါက် ဖြတ်ကျော်ကာ ဂိုးထဲ ကန်သွင်းတဲ့ ဘောလုံးကို လက်နဲ့ ပုတ်ခဲ့တာ ဖြစ်ပြီး အဆိုပါ အပြုအမူကြောင့်ပဲ ဝီလီယံဟာ တိုက်ရိုက် အနီထိခဲ့ပါတယ်။ ဝီလီယံ အနီ ထိသွားချိန်မှာ ဖူလ်ဟမ်ရဲ့ တိုက်စစ်မှူး မီထရိုဗစ်ကပါ ကွင်းလယ်ဒိုင်ကို တွန်းထုတ်တာ ၊ ဝေဖန်တာတွေ လုပ်ခဲ့တာကြောင့် တိုက်ရိုက် အနီ ထပ်ထိခဲ့ပြန်ပါတယ်။

Photo Credit: Sky Sports

၁၁ယောက် ၊ ၉ယောက် ဖြစ်သွားချိန်မှာတော့ ဖူလ်ဟမ်ဟာ မန်ချက်စတာ ယူနိုက်တက် ပြုသမျှ နုခဲ့ရပြီး ယူနိုက်တက် အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ကွင်းလယ်လူတွေ ဖြစ်တဲ့ ဘရူနိုနဲ့ ဆာဘစ်ဇာတို့က သွင်းယူပေးခဲ့ကြတာပါ။ မန်ချက်စတာ ယူနိုက်တက်က ဖူလ်ဟမ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ယူနိုက်တက် ဂန္တဝင် ရိုင်ကိန်းကတော့ သူ့အသင်းဟောင်းရဲ့ ခြေစွမ်းကို ဘဝင်မကျပဲ ယူနိုက်တက်ဟာ ကံကောင်းလို့သာ အနိုင်ရသွားခဲ့တာပါလို့ ပြောလာပါတယ်။

ရိုင်ကိန်းက – “မန်ချက်စတာ ယူနိုက်တက်က ကံကောင်းသွားခဲ့တာပါ။ ဒါပေမယ့် တခါတလေ ခြေစွမ်းကောင်းဖို့ထက် ကံကောင်းဖို့လည်း လိုပါတယ်။ မန်ချက်စတာ ယူနိုက်တက် အတွက် အရေးအကြီးဆုံးက နောက်တဆင့်ဆီ တက်နိုင်ဖို့ပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ နည်းပြဟာ (အဲရစ် တန်ဟက်ဂ်) ယူနိုက်တက်ရဲ့ ခြေစွမ်းပိုင်း အတွက် စိတ်ပျက်နေလောက်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။