ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရိုင်ကိန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၀-၀ အာဆင်နယ် ပွဲစဉ်မှာ တပွဲလုံး ပါဝင် ကစားခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်း မရှိတဲ့ စီးတီးတိုက်စစ်မှူး ဟာလန်းကို လိဂ်-၂အဆင့် ကစားသမားလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာလည်း မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။

Photo Credit: MSN

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာဆိုရင်လည်း ဟာလန်းက ဖိုဒန် ၊ ဘာနာဒို ဆေးလ်ဗား စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပြီး ဟာလန်းက သူ့ရဲ့ တိုးအား ၊ ရုန်းအားတွေနဲ့ အာဆင်နယ်ခံစစ်ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

အထူးသဖြင့် အာဆင်နယ်ရဲ့ ဗဟိုနောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဆာလီဘာနဲ့ ဂါဘရီရယ်တို့က ဟာလန်းကို အကောင်းဆုံး လူကပ် ထိန်းချုပ် ကစားနိုင်ခဲ့ပြီး ဟာလန်းက ပွဲချိန်ပြည့် ဝင်ကစားခဲ့ပေမယ့် တပွဲလုံးမှာ ဘောလုံးထိချက် ၂၃ချက်သာ ရှိခဲ့သလို ဂိုးပေါက်ကို ၄ကြိမ် ကန်သွင်းခဲ့ရာမှာလည်း ဂိုးပေါက်တည့် ကန်ချက် မရှိခဲ့ပါဘူး။

Photo Credit: Tribuna

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီး ၀-၀ အာဆင်နယ် ပွဲစဉ်အတွက် ဘောလုံးရေးရာ သုံးသပ်သူတွေ ဖြစ်ကြတဲ့ ရိုင်ကိန်းနဲ့ မီကာရစ်ချက်တို့က ဟာလန်းရဲ့ ကစားပုံကို ဝေဖန်မှုတွေ လုပ်ခဲ့ကြပြီး ရိုင်ကိန်းဆိုရင် ဟာလန်းကို လိဂ်-၂အဆင့်လို့တောင် နာမည်တပ် ဝေဖန်သွားခဲ့ပါတယ်။

ရိုင်ကိန်းက – “ဟာလန်းရဲ့ ကစားပုံက တော်တော်လေးကို အဆင်မပြေတာပါ။ ဒီနေ့ပွဲမှာမှ သူ့ရဲ့ ကစားပုံက ညံ့နေတာ မဟုတ်ပါဘူး။ သူ့ရဲ့ နေရာယူပုံတွေ ၊ ခေါင်းတိုက်ချက်တွေ ၊ ဂိုးပေါက်ရှေ့မှာ လုပ်သမျှ အရာအားလုံးက ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ အဆင့်မှာ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကစားပုံက အဆင်မပြေပါဘူး။ သူက လိဂ်-၂ ကစားသမား တယောက်လိုပါပဲ။ ဒါကြောင့် သူက သူ့ရဲ့ ကစားပုံကို တိုးတက်လာအောင် ကြိုးစားသင့်ပါတယ်။ သူက ဂိုးပေါက်ရှေ့မှာတင် မဟုတ်ပဲ တကွင်းလုံးမှာပါ ကောင်းကောင်း ကစားနိုင်အောင် ကြိုးစားရပါလိမ့်မယ်။ ဒါမှသာ သူက ထူးချွန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်လာမှာပါ” လို့ ပြောကာ ဟာလန်းကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။