ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နည်းပြဖြစ်သူ ဗီအဲရာကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်က နည်းပြသစ် အဖြစ် အသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ရိုင်းဟော့ဆန်ကို ပြန်လည် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ အရမ်းကြီး ဆိုးဝါးနေတဲ့ အသင်းမျိုး မဟုတ်ပေမယ့် ၂၀၂၃ခုနှစ် အတွင်းမှာ နိုင်ပွဲ တပွဲမှ မရသေးပဲ နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။

Photo Credit: Sky Sports

ခရစ္စတယ် ပဲလေ့စ်က ၂၀၂၃ခုနှစ် အတွင်းမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၁၃ပွဲ ကစားထားရာ ၅ပွဲသရေကျကာ ၈ပွဲ အထိ ရှုံးနိမ့်ခဲ့ပြီး တိုက်စစ်ပိုင်းက အဆိုပါ ၁၃ပွဲမှာ သွင်းဂိုး ၆ဂိုး သာ သွင်းယူနိုင်ခဲ့သလို ခံစစ်ပိုင်းက ပေးဂိုး ၁၉ဂိုး အထိ ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါကြောင့်ပဲ ခရစ္စတယ် ပဲလေ့စ်ရဲ့ ဘုတ်အဖွဲ့က အသင်းရဲ့ အခြေအနေ ပိုမဆိုးလာခင် နည်းပြဖြစ်သူ ဗီအဲရာကို ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ခရစ္စတယ် ပဲလေ့စ်ရဲ့ တာဝန်ရှိသူတွေက ဗီအဲရာရဲ့ နေရာအတွက် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြတဦး ဖြစ်သလို အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ ဝါရင့်နည်းပြကြီး ရိုင်းဟော့ဆန်ကို ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Sky Sports

အသက် ၇၅နှစ် အရွယ် အင်္ဂလိပ်လူမျိုး ဝါရင့်နည်းပြ ဖြစ်သူ ရိုင်းဟော့ဆန်က ခရစ္စတယ် ပဲလေ့စ်ကို ၂၀၁၇ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ ၄နှစ်ကြာအောင် ကိုင်တွယ်ခဲ့ဖူးပြီး သူ့ရဲ့ လက်ထက်မှာ ခရစ္စတယ် ပဲလေ့စ်ရဲ့ ဂိုးသွင်းအားက အတော်လေး ကောင်းမွန်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ခရစ္စတယ် ပဲလေ့စ်ရဲ့ တာဝန်ရှိသူတွေက ရိုင်းဟော့ဆန်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ရိုင်းဟော့ဆန်ကလည်း ပဲလေ့စ်ဆီ ပြန်လာချင်နေတာကြောင့် ဆွေးနွေးမှုတွေ အောင်မြင်ခဲ့ကာ မကြာခင်မှာပဲ ခရစ္စတယ် ပဲလေ့စ်က ရိုင်းဟော့ဆန်ကို နည်းပြသစ် အဖြစ် ကြေညာတော့မယ်လို့ သိရပါတယ်။