ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကနေ အသင်းပြောင်းခွင့် တောင်းခံထားတဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုက ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ခွင့် ရဖို့ လစာငွေ လျှော့ယူရန် ဆုံးဖြတ်ထားကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျူဗင်တပ်ကနေ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ယခုအချိန်မှာတော့ သူနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားမှာ စာချုပ်သက်တမ်း ၁နှစ် ကျန်နေပါသေးတယ်။

Photo Credit: Mirror

ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ သွင်းဂိုးအများဆုံး ကစားသမား တဦး ဖြစ်ခဲ့သလို အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်နေသေးပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်တာကြောင့် အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့သလို သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ကလည်း ရိုနယ်ဒိုအတွက် ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ၊ ချယ်လ်ဆီးတို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ အဆက်မပြတ် ပြုလုပ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုနယ်ဒို တယောက် အဓိက ပြောင်းရွှေ့ချင်တဲ့ အသင်းဟာ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် ဖြစ်ပြီး ရိုနယ်ဒိုက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းခွင့် ရဖို့ အတွက် သူ့ရဲ့ လုပ်ခလစာကို လျှော့ယူဖို့ အထိ ဆုံးဖြတ်ထားသလို အကယ်၍ ဘိုင်ယန်မြူးနစ်က သူ့ကို မခေါ်ယူမှသာ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့ဆီ ပြောင်းရွှေ့ရန် စဉ်းစားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Photo Credit: Mirror

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနကလည်း ဘိုင်ယန်မြူးနစ်နဲ့ ရိုနယ်ဒိုရဲ့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက လတ်တလောမှာ ရိုနယ်ဒိုကို မခေါ်ယူချင်သေးကြောင်း လူသိရှင်ကြား ဝန်ခံထားပေမယ့် အသင်းတွင်းမှာတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး လီဝမ်ဒေါစကီးကို ရောင်းချဖြစ်ရင် ရိုနယ်ဒိုကို ၂ရာသီ စာချုပ်နဲ့ ခေါ်ယူဖွယ် ရှိနေကြောင်း ဖော်ပြထားပါတယ်။