ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒိုကတော့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ မဟုတ်သေးပဲ သူက ၂၀၂၄ ယူရိုပြိုင်ပွဲ အပြီးမှပဲ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူဖို့ ဆုံးဖြတ်ထားကြောင်း တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုက ကမ္ဘာ့သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူဟာ ပေါ်တူဂီအတွက် ၁၈၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁၇ဂိုး အထိ သွင်းယူထားနိုင်ကာ ဘောလုံးသမိုင်းတလျှောက် နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ထားသူပါ။

Photo Credit: Goal

ဒါကြောင့်ပဲ ရိုနယ်ဒိုက လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီ အတွက် အရေးပါမယ့် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသလို သူ့ရဲ့ အသက်အရွယ်ကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက ရိုနယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားရင် ပေါ်တူဂီအသင်း ကနေ အနားယူနိုင်ကြောင်း သုံးသပ် ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် ရိုနယ်ဒိုကတော့ သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန် အထိ ပေါ်တူဂီ အတွက် ကစားပေးသွားဖို့ ဆုံးဖြတ်ထားပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုက – “ကျွန်တော်က လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီနဲ့အတူ ရှိနေပါမယ်။ ပြီးတော့ လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာလည်း ပေါ်တူဂီနဲ့အတူ ရှိနေဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်က အနားယူဖို့ မတွေးသေးပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာတော့ အနည်းငယ် ခြေစွမ်းကျဆင်းနေပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁ဂိုးသာ သွင်းယူထားနိုင်ပါတယ်။