၂၀၂၂ခုနှစ် ကုန်ဆုံးခါနီးမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး ဆော်ဒီ စူပါလိဂ်ကလပ် အယ်နက်ဆာဆီ ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုက သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်ပြောင်းခဲ့မိတာဟာ သူ့ရဲ့ ကစားသမား ဘဝမှာ လုပ်မိခဲ့တဲ့ ပထမဦးဆုံးသော အမှားတခု ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက စပို့တင်း လစ္စဘွန်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ စင်တင်ပေးမှုကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတဲ့ နေရာကို ရောက်ရှိခဲ့သူပါ။

Photo Credit: Goal

ရိုနယ်ဒိုက သူ့ရဲ့ ပထမဦးဆုံး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိပြီးနောက် မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ပြီး ဆယ်စုနှစ် တစု နီးပါး အောင်မြင်မှုတွေ အလီလီ ရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၂၁ခုနှစ်မှာ ခရစ္စတီယာနို ရိုနယ်ဒိုက ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ တဖန် ပြန်ပြောင်းလာခဲ့ပြီး သူ့ရဲ့ တကျော့ပြန် ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံးရာသီမှာ အသင်းရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရိုနယ်ဒိုက နည်းပြသစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရကာ နောက်ဆုံးမှာ အသင်းနဲ့ ပြဿနာတက်ပြီး စာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။

Photo Credit: Goal

လက်ရှိမှာ ရိုနယ်ဒိုက အယ်နက်ဆာနဲ့အတူ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသထားနိုင်ပြီး ရိုနယ်ဒိုဟာ အယ်နက်ဆာ အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ပေါ်တူဂီအသင်း အတွက် ထပ်မံ ရွေးချယ်ခံခဲ့ရပါတယ်။

ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းနေစဉ် ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်လည် ဖြေရှင်းသွားခဲ့သလို ယူနိုက်တက်ဆီ ပြောင်းမိတာဟာ အမှားတခုပဲလို့ ဆိုလာပါတယ်။ ရိုနယ်ဒိုက – “ကျွန်တော်တို့က အမြင့်ဆုံးနေရာကို ရောက်နေတဲ့အခါ အောက်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို မမြင်ကြတော့ပါဘူး။ ကျွန်တော်က ကစားသမား ဘဝ တလျှောက် ဆိုးရွားတဲ့ အခိုက်အတန့် တခုကို ဖြတ်ကျော်ခဲ့ရတာပါ။ အဲ့ဒါတွေကို လူသိရှင်ကြား ဝန်ခံခဲ့ရလို့လည်း ဘာမှ မဖြစ်ပါဘူး။ ဘဝဆိုတာ ရှေ့ဆက်သွားနေတာမျိုးလေ။ တခါတလေ ခင်ဗျားက ဘယ်သူတွေဟာ ကိုယ့်ဘက်မှာ ရှိနေလဲ ဆိုတာကို သိရဖို့ ဒီလိုမျိုး အခိုက်အတန့်တွေကို ဖြတ်ကျော်ရတတ်ပါတယ်။ ဒါက (ယူနိုက်တက်ဆီ ပြန်ပြောင်းလာတာက) ကျွန်တော့်ရဲ့ ကစားသမား ဘဝတလျှောက် ပထမဦးဆုံး လုပ်မိခဲ့တဲ့ အမှားလို့ ပြောရင်လည်း ရမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က နောင်တတော့ မရပါဘူး။ ဒီအဖြစ်အပျက်က ကျွန်တော့်ကို ပိုကောင်းတဲ့ လူသား တယောက် ဖြစ်လာစေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။