မကြာခင်မှာပဲ အသက် (၃၉)နှစ်ပြည့်တော့မယ့် ပေါ်တူဂီ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့အနေနဲ့ လက်ရှိမှာ ဘောလုံးသမားတစ်ဦးရဲ့ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့်လည်း ဘောလုံးကစားရတာကို ပျော်နေသရွေ့တော့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းနေဦးမှာပဲ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Transfer News Live

ကမ္ဘာ့ဘောလုံးလောကမှာ အသင်းလိုက် ဆုဖလားတွေများစွာ တစ်ဦးချင်း အောင်မြင်မှုတွေ အမြောက်အများကို ရယူခဲ့ပြီး ဘောလုံးလောကရဲ့ GOAT စာရင်းထဲမှာ အပါအဝင် ဖြစ်နေတဲ့ ရော်နယ်လ်ဒိုက လက်ရှိအချိန်မှာ အနားယူဖို့ ကိစ္စကို တွေးတောနေဦးမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် သူငယ်ချင်းတွေနဲ့ မကြာခဏ ပြောနေကြသလို ဘဝဆိုတာက ရပ်တန့်နေတာ မဟုတ်ဘူး။ မနက်ဖြန်ဆိုတာလည်း မသေချာဘူး။ ကျွန်တော် ကျွန်တော်ရဲ့ ကစားသမားဘဝကို အခု ဘောလုံးရာသီ အကုန်မှာပဲ အဆုံးသတ်လိုက်နိုင်သလို နောက်ထပ် (၂)နှစ် (၃)နှစ်လောက်အထိလည်း ကစားသွားနိုင်တယ်။”

Photo Credit : Record

“အပွင့်လင်းဆုံး ပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး။ ကျွန်တော်ရဲ့စိတ်အခြေအနေနဲ့ ခန္ဓာကိုယ်က အခြေအနေကောင်းနေပြီး ဘောလုံးကစားရတာကို ပျော်နေသရွေ့တော့ ဘောလုံးကစားတာကို ဆက်လုပ်နေဦးမှာပါ။ အသုံးမဝင်တော့ဘူးလို့ ခံစားလာရမယ်ဆိုရင်တော့လည်း ရပ်တန့်ဖို့ ခြေလှမ်းကို စတင်ပါလိမ့်မယ်။”

“လက်ရှိအချိန်မှာတော့ ကျွန်တော်က ဒီနှစ်ခုလုံးမှာ အခြေအနေကောင်းနေတယ်လို့ ခံစားနေရတဲ့အပြင် လက်ရွေးစင်အသင်းအတွက်ပဲဖြစ်ဖြစ် နိုင်ငံအသင်းအတွက်ပဲဖြစ်ဖြစ် ဘယ်မှာပဲ ကစားပေးရပါစေ ကွင်းထဲမှာ ပျော်ပျော်ရွှင်ရွှင် ခံစားနေရပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော် ပျော်ရွှင်နေဦးမှာပါ။” လို့ ရော်နယ်လ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။