ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမား GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့အနေနဲ့ လက်ရှိမှာ နိုင်ငံ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ အနားယူရမယ့် အချိန် ရောက်လာရင်တော့ ခက်ခက်ခဲခဲ ဆုံးဖြတ်စရာ မရှိဘူးလို့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အသက် (၃၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီ စူပါစတား ရော်နယ်လ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ် သြဂုတ် (၂၀)ရက်နေ့ ပေါ်တူဂီနဲ့ ကာဇတ်စတန်တို့ပွဲမှာပဲ သူရဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဘဝရဲ့ ပထမဦးဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ရပြီး အဲ့ဒီအချိန်တုန်းကတော့ ရော်နယ်လ်ဒိုဟာ အသက် (၁၈)နှစ်အရွယ်သာ ရှိနေပါသေးတယ်။
Photo Credit : Inshorts
အခုတော့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ နိုင်ငံတကာပွဲပေါင်း (၂၁၂)ပွဲအထိ ကစားထားခဲ့ပြီဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဘောလုံးလောကအတွင်း နိုင်ငံတကာ ပွဲစဉ်တွေ အများဆုံး ကစားထားနိုင်ခဲ့တဲ့ စံချိန်ပါ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရို-၂၀၂၄ပြိုင်ပွဲကိုပါ ပါဝင်ကစားခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားထားနိုင်သူ အဖြစ်လည်း မှတ်တမ်းတင်ခံရပါသေးတယ်။
ပေါ်တူဂီနဲ့အတူ ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားတွေ ရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုက လာမယ့် ၂၀၂၆မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအထိ ပါဝင် ဆင်နွဲသွားဖို့ အစီအစဉ် ရှိနေသလို လက်ရှိမှာလည်း လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ ဆက်လက် ကစားသွားဖို့သာ ဆန္ဒရှိနေပါတယ်။
Photo Credit : Sporting News
“အချိန်ကျလာတဲ့ အခါကျရင်တော့ ကျွန်တော် အနားယူသွားပါမယ်။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီအသင်းအတွက် ကျွန်တော်် ဘာမှ မကူညီပေးနိုင်တော့ဘူးလို့ ခံစားမိလာရပြီဆိုရင်တော့ ကျွန်တော် ပထမဆုံး ထွက်ခွာသွားမှာပါ။” လို့ ရော်နယ်လ်ဒိုက အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ ဒီ International Break ကာလမှာ ပေါ်တူဂီအသင်းနဲ့အတူ UEFA Nations League အုပ်စုပွဲစဉ်တွေကို ပါဝင်ကစားသွားဖို့ ရှိနေပြီး အမေရိကန် မက္ကဆီကိုနဲ့ ကနေဒါတို့ (၃)နိုင်ငံ ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုလည်း ပါဝင် ဆင်နွဲသွားဖို့ ရည်ရွယ်ချက်လည်း ရှိနေနိုင်ပါတယ်။