ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ AFC ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂျပန်ကလပ် ကာဝါဆာကီ ဖရွန်တေးလ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒီရှုံးနိမ့်မှုကြောင့် ရော်နယ်လ်ဒိုရဲ့ ဆော်ဒီအာရေဗျမှာ ဆုဖလားရယူဖို့ စောင့်ဆိုင်းမှုဟာ ဆက်လက် တည်ရှိနေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အယ်လ်နာဆာက ကာဝါဆာကီကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အယ်လ်နာဆာအတွက် ဂိုးတွေကို ဆာဒီယို မာနေးနဲ့ အေမန် ယာယာတို့က သွင်းယူပေးခဲ့ပေမယ့် အသင်းကို ကယ်တင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီအရေးကြီးတဲ့ပွဲမှာ ရော်နယ်ဒို ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပေါ်တူဂီ စူပါစတားဟာ ပရိသတ်တွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
Photo Credit : beIN SPORTS
ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေက ရော်နယ်လ်ဒိုကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ တစ်ဦးက “ဒီအခြေအနေမှာတော့ Speed (နာမည်ကြီး Youtuber) က ရော်နယ်လ်ဒိုထက် ဘောလုံးရော YouTube မှာပါ ပိုတော်နေပြီ” လို့ ရေးသားခဲ့ပါတယ်။ Speed ဟာ ရော်နယ်လ်ဒိုကို အလွန် အားပေးသူ ဖြစ်ပေမယ့် ဘောလုံးညံ့ဖျင်းမှုနဲ့ လူသိများသူလည်း ဖြစ်ပါတယ်။
နောက်တစ်ဦးက “ခြေစွမ်းကျနေတဲ့ ကစားသမားပဲ။ အယ်လ်နာဆာကို တစ်နှစ် ပေါင် သန်း(၂၀၀)နဲ့ လိမ်လည်နေတာ။” လို့ စွပ်စွဲခဲ့ပါတယ်။ တစ်ချို့ကလည်း “အသင်းကို ကယ်တင်ရမယ့် အရေးကြီးတဲ့ပွဲတွေဆို ပျောက်နေတတ်ပြီး မလိုအပ်တဲ့ ဂိုးတွေသွင်းပြီး စာရင်းလှအောင် လုပ်နေတယ်။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ “ရော်နယ်ဒိုနဲ့ မက်ဆီတို့ သူတို့ လက်ရှိအသင်းတွေကနေ ထွက်ပြီး ဥရောပဘောလုံးလောကကို ပြန်လာ ဥရောပမှာပဲ သူတို့ရဲ့ ဇာတ်လမ်းတွေကို ပြီးပြည့်စုံတဲ့ နိဂုံးချုပ်သင့်ပြီ။” လို့လည်း ရေးသားခဲ့ကြပါတယ်။ “ဒီလိမ်လည်နေတဲ့သူ အနားယူသင့်ပြီ။” လို့ တိုက်တွန်းသူလည်း ရှိခဲ့ပါတယ်။ “ဆုဖလားတွေရချင်ရင် ရော်နယ်ဒိုရဲ့ စာချုပ်ကို ဖြတ်သိမ်းသင့်တယ်။” လို့ အကြံပြုသူလည်း ရှိပါတယ်။
Photo Credit : Goal
ရော်နယ်ဒိုဟာ ဒီရာသီ AFC ချန်ပီယံလိဂ် (၈)ပွဲမှာ (၈)ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ တစ်ကျော့တည်းယှဉ်ပြိုင်ရတဲ့ ဆီမီးဖိုင်နယ်မှာ ဂိုးပေါက်ပျောက်ခဲ့တာက အသင်းအတွက် နစ်နာမှုကြီးဖြစ်ခဲ့ပါတယ်။ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ (၁၀၂)ပွဲမှာ (၉၁)ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် ဆုဖလားကိုင်မြှောက်ခွင့်ကိုတော့ ဆက်လက် စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အမှတ်ပေးဇယားကို ဦးဆောက်နေသူ အယ်လ်အစ်တီဟတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားမှာတော့ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ အယ်လ်အစ်တီဟတ်အသင်းရဲ့ နောက် (၈)မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။