ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက နာမည်ကြီး ဘောလုံးသမားတွေကို ဆော်ဒီပရိုလိဂ်က ပြိုင်ပွဲဝင် ကလပ်အသင်းတွေဆီ လာရောက်ကစားဖို့ ဖိတ်ခေါ် အကြံပြုခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီး အခုတော့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအတွက်သာမက ဆော်ဒီလိဂ်ဆီ အရေးအပါဆုံးသော ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Marca

၂၀၂၃ခုနှစ်အတွင်း နိုင်ငံနဲ့ ကလပ်အသင်းတို့အတွက် (၅၄)ဂိုး သွင်းယူပြီး ၂၀၂၃ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ရတဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာနဲ့အတူ ဆော်ဒီလိဂ်မှာ အကောင်းဆုံး ဖြတ်သန်းနေပြီး သူ့လိုပဲ တခြား ထိပ်တန်း ကစားသမားတွေကိုပါ ဆော်ဒီပရိုလိဂ်မှာ လာရောက် ကစားစေချင်နေပါတယ်။

“နောက်နှစ်မှာလည်း ကျွန်တော်က ပြီးခဲ့တဲ့ နှစ်အတိုင်းပဲ ဆက်လက် ကြိုးစားသွားဦးမှာပါ။ ဘယ်သူကမှ မယုံကြည်တဲ့ နေရာကို ရောက်လာဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာမို့ ကျွန်တော်ရဲ့ ဒီဆုံးဖြတ်ချက်အတွက် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ဒါတွေက ပြီးခဲ့တာတွေဆိုတော့ ကျွန်တော် စိတ်မဝင်စားတော့ပါဘူး။”

Photo Credit : Punch Newspaper

“အခု အရေးကြီးဆုံး ကိစ္စကတော့ ဒီအမှတ်ပေးပြိုင်ပွဲကြီး ပိုပြီး တိုးတက်လာဖို့ပါပဲ။ အခုဆိုရင် ဒီပြိုင်ပွဲကြီးက အရမ်းကို ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာခဲ့ပြီဖြစ်လို့ ကစားသမား အများအပြားကလည်း ဒီနေရာကို ရောက်လာစေချင်နေပါပြီ။

“တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဘောလုံးပရိသတ်တွေကလည်း ဒီလိဂ်ကို အားလုံး စောင့်ကြည့် အားပေးနေကြပါပြီ။ ဒါကြောင့်မို့ ကျွန်တော်ကတော့ ထိပ်တန်း ကစားသမားတွေ ဒီကို လာရောက်ဖို့ အကြံပြုသလို ဒီလိဂ်ကလည်း သူတို့တွေကို သောင်းသောင်းဖြဖြနဲ့ ကြိုဆိုနေမှာပါ။” လို့ ရော်နယ်လ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။