ရိုးမားအသင်းက အသင်းကနေ ထုတ်ပယ်လိုက်တဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် အသင်း ကစားသမားဟောင်းကြီး ဒီရော့စီနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ရိုးမားအသင်းဟာ စပါးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုကို အသင်းနည်းပြသစ်အဖြစ် ၂၀၂၁ခုနှစ် နွေမှာပဲ စတင် ခန့်အပ်ခဲ့ပြီး မော်ရင်ဟိုကလည်း သူရဲ့ ရိုးမားနည်းပြဘဝ ပွဲဦးထွက်မှာပဲ ကွန်းဖရန့်စ်လိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒုတိယမြောက်ရာသီမှာလည်း မော်ရင်ဟိုက အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် တတိယမြောက်ရာသီ ကျိန်စာက မပျက်ပြယ်သေးပဲ ဒီရာသီမှာ ရုန်းကန်းနေရရင်း ရာသီဝက်ကျော်လောက်မှာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

အခုတော့ နည်းပြ လစ်လပ်သွားတဲ့ ရိုးမားအသင်းက မော်ရင်ဟို နေရာမှာ သူတို့ရဲ့ ကစားသမားဟောင်းကြီး ဒန်နီရယ် ဒီရော့စီနဲ့ အစားထိုးသွားချင်နေပါတယ်။ အီတလီ ကစားသမားဟောင်းကြီး ဒီရော့စီဟာ ကစားသမားဘဝက အနားယူပြီးချိန် အီတလီကလပ် SPAL အသင်းကို စတင် ကိုင်တွယ်ခဲ့ပါသေးတယ်။

Photo Credit : Fabrizio Romano

နည်းပြ အတွေ့အကြုံ နုနယ်သေးတဲ့ ဒီရော့စီဟာ SPAL အသင်းမှာတော့ (၁၇)ပွဲကိုင်တွယ်ရင်း (၃)ပွဲနိုင် (၆)ပွဲသရေ (၈)ပွဲရှုံးခဲ့ပြီး နိုင်ပွဲ ရာခိုင်နှုန်းကလည်း (၁၇.၆၅)%သာ ရှိခဲ့ရတာကြောင့် အသင်းနဲ့ပါ လက်တွဲဖြုတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီရော့စီဟာ ရိုးမားအသင်းဟာ ၂၀၀၁ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ ဆယ်စုနှစ် နှစ်ခုစာလောက်အထိ ပါဝင်ကစားခဲ့ဖူးတာကြောင့် ရိုးမားအနေနဲ့ အသင်းနည်းပြ နေရာအတွက် ဒီအီတလီ ကစားသမားကြီးကို နေရာပေးသွားချင်တာပဲ ဖြစ်ပါတယ်။