ရိုးမားအသင်းဟာ နာပိုလီအသင်းကို (၂)ဂိုးပြတ် အပြတ်အသတ် အနိုင်ယူခဲ့ပြီးနောက် ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ဟိုက သူတို့တွေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် Top 4 နေရာအတွက်ကို ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါး ပြောကြားသွားခဲ့ပါတယ်။

ရိုးမားအသင်းက လက်ရှိ အီတလီ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် (၆)နေရာမှာ ရပ်တည်လျက် ရှိနေပြီး အဆင့်(၄)နေရာက ဘိုလော့ဂ်နာအသင်းနဲ့ ရမှတ် (၃)မှတ်သာ ကွာဟနေသလို ယူရိုပါလိဂ်မှာလည်း ရှုံးထွက် ပလေးအော့ အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

Photo Credit : Reuters

နာပိုလီလို စီးရီးအေရဲ့ လက်ရှိချန်ပီယံအသင်းကို အနိုင်ယူခဲ့တဲ့ ရိုးမားအသင်းဟာ လာမယ့်ပွဲတွေမှာ ဂျုဗင်တပ်စ် အတ္တလန်တာ အေစီမီလန်တို့နဲ့ စီးရီးအေ ပွဲကျပ်တွေကို ဆက်တိုက် ရင်ဆိုင်သွားရတော့မှာ ဖြစ်သလို အဲ့ဒီပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ယူဆောင်နိုင်ဖို့ ရိုးမားနည်းပြ မော်ရင်ဟိုက ပစ်မှတ်ထားနေပါတယ်။

“ကျွန်တော်က ကိုယ်ပိုင် ရည်မှန်းချက်တွေ ချမှတ်ရတာကို နှစ်သက်ပါတယ်။ ဒါကို တစ်ပွဲချင်းစီနဲ့ပဲ ရယူသွားပါမယ်။ ကျွန်တော်တို့အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အတော်လေး ရှိနေတာဖြစ်လို့ ဒီကစားသမားတွေသာ ပြန်ကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့တွေက အဆင့်သင့် ဖြစ်လာမှာပါ။”

Photo Credit : beIN SPORTS

“အဲ့ဒါက စကူဒက်တိုဖလားအတွက်တော့ မဟုတ်ပါဘူး။ အဆင့် (၄)နေရာအတွက်ပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့မှာ အခက်အခဲတွေလည်း ရှိနေပါတယ်။ ကိုင်တွယ်ရခက်ခဲတဲ့ အသင်းဘဏ္ဍာရေး အခြေအနေတွေလည်း ရှိနေရတယ်။”

“ဒါကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကျွန်တော်တို့ လုပ်ဆောင်ချင်တာတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ ရှေ့ဆက်နေရဦးမှာပါပဲ။ အခု ကျွန်တော်တို့ နာပိုလီကိုလည်း အနိုင်ယူထားခဲ့ပါပြီ။ ဂျုဗင်တပ်စ်နဲ့ပွဲမှာလည်း ရလဒ်ကောင်းအောင် ဆက်ကြိုးစားပါမယ်။” လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။