အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားက ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ရိုမီလု လူကာကူကို တရာသီ အငှားကြေး ယူရို ၅သန်းနဲ့ အငှားခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ပေါ်တူဂီ ထိပ်သီးနည်းပြ မော်ရင်ဟို ဦးဆောင်နေတဲ့ ရိုးမားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် ယခု နွေဈေးကွက် အတွင်းမှာ ကစားသမား အများအပြား ခေါ်ယူကာ အသင်းကို အားဖြည့်နေပါတယ်။

Photo Credit: Team Talk

ရိုးမားက ယခု နွေဈေးကွက်အတွင်းမှာ အာဝါ ၊ အန်ဒစ်ကာ ၊ ပါရီဒက်စ် ၊ ရီနာတို ဆန်းချက်ဇ် စတဲ့ ကွင်းလယ်လူတွေကို ပြောင်းရွှေ့ကြေး ယူရို ၃.၅သန်း ဝန်းကျင် သုံးကာ ခေါ်ယူထားပြီးနောက် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဆက်လက် ကြိုးစားနေပြီး ရိုးမားဟာ လေဗာကူဆင် တိုက်စစ်မှူး အဇဇ်မွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။

ရိုးမားက အီရန်တိုက်စစ်မှူး အဇဇ်မွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပေမယ့် ရိုးမားနည်းပြ မော်ရင်ဟိုက အသင်းအတွက် သွင်းဂိုးတွေ အာမခံချက် ပေးနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးကို ထပ်မံ လိုချင်နေတာကြောင့် ရိုးမားက ချယ်လ်ဆီးကနေ ထွက်ခွာခွင့် ရရှိထားတဲ့ လူကာကူကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့တာပါ။

Photo Credit: Clutch Points

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရိုးမားက လူကာကူကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီးနဲ့ရော ၊ လူကာကူနဲ့ပါ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်ပြီးနောက် ဆွေးနွေးမှုတွေ အောင်မြင်ခဲ့ပြီး ရိုးမားက လူကာကူကို ၁ရာသီအငှားကြေး ယူရို ၅သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားကာ ချယ်လ်ဆီးဟာ ရိုးမားရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

လူကာကူကလည်း ရိုးမားဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် ချယ်လ်ဆီးနဲ့ ရိုးမားတို့ ကြားထဲမှာ တရားဝင် သဘောတူညီမှု ရရှိရင် လူကာကူဟာ ရောမမြို့ဆီ သွားရောက်ကာ ဆေးစစ်ဖို့ စီစဉ်ထားပြီး ရိုးမားက လူကာကူကို လာမယ့် ၄၈နာရီ အတွင်း အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။