ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးဖြစ်တဲ့ ရိုဒရီဂိုက သူ့အနေနဲ့ ရီးယဲလ်ကစားသမား မဖြစ်လာခင်က ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အတော်လေး နီးစပ်ခဲ့သေးတယ်လို့ ရိုဒရီဂိုကိုယ်တိုင် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ရိုဒရီဂိုဟာ ဘရာဇီးလ် နာမည်ကျော်ကလပ် ဆန်းတို့စ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၁၉ခုနှစ်မှာပဲ ကမ္ဘာ့ထိပ်သီး ကလပ်အသင်းကြီး ရီးယဲလ်ဆီကို ယူရို (၄၅)သန်းနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : This is Anfield

အခုဆိုရင်တော့ ရိုဒရီဂိုဟာ ရီးယဲလ်အသင်းနဲ့အတူ (၅)ရာသီမြောက်ကို ဖြတ်သန်းနေပြီ ဖြစ်သလို အသင်းအတွက်ကိုလည်း ပွဲပေါင်း (၂၀၇)ပွဲကစား သွင်းဂိုး (၅၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ဥရောပစူပါဖလား (၁)ကြိမ် ကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် လာလီဂါဖလား (၂)ကြိမ် ကိုပါဒယ်ရေးဖလား (၁)ကြိမ်နဲ့ စပိန်စူပါဖလား (၃)ကြိမ်အထိ ဆွတ်ခူးခဲ့ပါသေးတယ်။

ဒါ့အပြင် ရီးယဲလ်ဟာ ရိုဒရီဂိုကို ၂၀၂၈ခုနှစ်အထိပါ ကာလရှည် သက်တမ်းသစ်တစ်ရပ် တိုးမြှင့်ချုပ်ဆိုထားပြီး အသင်းကို ကီလီယန် ဘာပေ ရောက်လာခဲ့ရင်တောင်မှ ရိုဒရီဂိုကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖို့ ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က စီစဉ်ထားပါတယ်။

Photo Credit : Medium

ဒါပေမယ့် ဘာပေသာ တကယ်ရောက်လာခဲ့ရင် ရိုဒရီရဲ့ အနာဂတ်က ပြောင်းလဲသွားနိုင်တယ်လို့ ထင်နေကြတာကြောင့် လီဗာပူးလ် အာဆင်နယ် အပါအဝင် ဥရောပထိပ်သီး ကလပ်အသင်းတွေက ရိုဒရီဂိုကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ရာ ရီုဒရီဂိုက သူဟာ လွန်ခဲ့တဲ့ ၂၀၁၇ကတည်းက လီဗာပူးလ်ကို ပယ်ချခဲ့ဖူးတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

“ကျွန်တော် ၂၀၁၇တုန်းက လီဗာပူးလ်အသင်းဆီ ရောက်လုနီးပါး ဖြစ်ခဲ့ရပြီး ယူရို (၃)သန်းနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီတုန်းက ဆန်းတို့စ်မှာ ဆက်နေပြီး အသင်းနဲ့ သမိုင်းရေးထိုးချင်တယ်။ ကျွန်တော်ရဲ့ ပညာရေးကိုလည်း ဆုံးခန်းတိုင်ချင်ခဲ့တဲ့ ပြီးမှပဲ အသင်းပြောင်းမယ်လို့ တွေးထားခဲ့တာကြောင့် လီဗာပူးလ်ကို ကျွန်တော် ပယ်ချခဲ့တယ်။ လီဗာပူးလ်ရဲ့ ကမ်းလှမ်းမှုက တကယ်ကောင်းမွန်ခဲ့ပေမယ့် ကျွန်တော် ပယ်ချခဲ့ပါတယ်။” လို့ ရိုဒရီဂိုက ပြောဆိုခဲ့ပါတယ်။