မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ရိုဒရီက သူတို့အသင်းအနေနဲ့ လက်ရှိအချိန်မှာ တစ်ပွဲတစ်လေမှတောင် လုံးဝ အမှားခံလို့ မဖြစ်တော့ပဲ ရာသီကုန်အထိ ပွဲတိုင်းကို ဗိုလ်လုပွဲတွေလို ခံယူပြီး ကစားသွားရမယ်လို့ အသိပေး ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ လိဂ်ဖလားပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာထားခဲ့ရပေမယ့် ပရီးမီးယားလိဂ် ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ (၃)ခုလုံးမှာတော့ ဆုဖလား မျှော်လင့်ချက်တွေ ရှိနေသေးပြီး ဖလား(၃)လုံးကိုတောင် (၂)နှစ်ဆက်တိုက်အထိ ယူဆောင်ပြနိုင်ဖို့ အလားအလာတွေ ကောင်းမွန်နေပါတယ်။

Photo Credit : The Athletic

ဒါပေမယ့် မန်စီးတီးက ဒီရာသီ ပရီးမီးယားလိဂ်မှာ Top 6 အသင်းတွေနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းမနေတာက မန်စီးတီးအတွက် သတိထားစရာ ဖြစ်နေရပြီး မနက်ဖြန်မှာလည်း အာဆင်နယ်လို ချန်ပီယံလုဘက်နဲ့ ရင်ဆိုင်ရမှာကလည်း စီးတီးအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။

ဒီလို အခြေအနေနဲ့ ပတ်သက်ပြီး စီးတီး ကွင်းလယ်လူ ရိုဒရီက “အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်ပွဲက ကျွန်တော်တို့အတွက် သာမန်ပွဲတစ်ခုလို မဟုတ်ဘူး။ ဗိုလ်လုပွဲတစ်ပွဲလိုပါပဲ။ ရာသီကုန်တဲ့အထိ ပွဲတိုင်းကို ဖိုင်နယ်ပွဲတွေအလား ကစားသွားရပါမယ်။”

Photo Credit : Livescore

“ကျွန်တော်တို့က ပြိုင်ပွဲတိုင်းမှာ ဆက်လက် ယှဉ်ပြိုင်နေရဆဲပဲ ဆိုပေမယ့်လည်း တစ်ပွဲပွဲကိုသာ ရှုံးလိုက်မယ်ဆိုရင်တော့ ချန်ပီယံ ပြေးလမ်းကနေ သွေဖယ်သွားနိုင်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ဆီကနေ တောင်းဆိုထားတဲ့ ဒီလိဂ်ရဲ့ အဆင့်အတန်းပါပဲ။”

“ရမှတ် (၉၀)နဲ့ (၁၀၀)ကြား ရရှိပြီဆိုရင် ဒီအမှတ်ပေး ချန်ပီယံဖလားကို ရယူနိုင်ပါပြီ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပွဲတိုင်းကို လက်တွေ့ကျကျ အနိုင်ကစားရဖို့ လိုအပ်နေပြီး ဒါကိုလည်း အာဆင်နယ်နဲ့ပွဲကနေ စတင်သွားရပါမယ်။” လို့ ပြောဆိုလာခဲ့ပါတယ်။