ပူပူနွေးနွေး ကာရာဘောင်းဖလား ချန်ပီယံ လီဗာပူးရဲ့ အဓိက ဘယ်နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၀-၁ လီဗာပူး ကာရာဘောင်းဖလား ပွဲစဉ်မှာ သူတို့ရဲ့ ကွင်းလယ်လူ ဂရာဗန်ဘက်ချ်ကို ပြင်းထန်တဲ့ ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ချယ်လ်ဆီးကွင်းလယ်လူ ကိုင်စီဒိုကို ပွဲပြီးအင်တာဗျူးမှာ ဝေဖန်သွားခဲ့ပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ဒဏ်ရာရ ကစားသမား များပြားနေတာကြောင့် ဗိုလ်လုပွဲဆီ လူငယ်ကစားသမား ၅ဦး အထိ ခေါ်ယူလာခဲ့ရပြီး ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ ဂရာဗန်ဘက်ချ်ကလည်း ပွဲချိန် မိနစ် ၂၀ကျော်မှာ ချယ်လ်ဆီးကွင်းလယ်လူ ကိုင်စီဒိုရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်။

Photo Credit: Tribuna

ဂရာဗန်ဘက်ချ်က ဒဏ်ရာရသွားခဲ့တာကြောင့် ကလော့ပ်က ဂရာဗန်ဘက်ချ်ရဲ့ နေရာကို နောက်ခံလူ ဂိုမက်စ်အား ဝင်ကစားခိုင်းခဲ့ရပြီး လက်ကျန် ပွဲချိန် မိနစ် ၇၀ကျော်နဲ့ အချိန်ပို မိနစ် ၃၀ကျော်တို့မှာ လီဗာပူးက ချယ်လ်ဆီးကို အန်ဒို ၊ အယ်လစ္စတာ စတဲ့ ကွင်းလယ်လူ ၂ဦးထဲနဲ့ အန်တုခဲ့ရပါတယ်။

ကွင်းလယ်လူ ၂ဦးထဲနဲ့ ကစားခဲ့ရပေမယ့် လီဗာပူးက အသင်းနဲ့ ကိုက်ညီမယ့် အကောင်းဆုံး ကစားကွက် တခုကို ချပြကာ ချယ်လ်ဆီးကို ရင်ဆိုင် ကစားသွားနိုင်ခဲ့ပြီး လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က နာကျင်အချိန်ပို ဒုတိယပိုင်းမှာ လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit: Anfield Watch

ချယ်လ်ဆီး ၀-၁ လီဗာပူး ပွဲအပြီးမှာတော့ လီဗာပူးရဲ့ စီနီယာ ကစားသမားလည်းဖြစ် ၊ အဓိက ဘယ်နောက်ခံလူလည်း ဖြစ်တဲ့ ရော်ဘတ်ဆန်က ကိုင်စီဒိုရဲ့ ဖျက်ထုတ်မှုဟာ ဆိုးရွားတဲ့ ဖျက်ထုတ်မှု ဖြစ်သလို ဘယ်တော့မှ မလုပ်သင့်တဲ့ ဖျက်ထုတ်မှုမျိုး ဖြစ်ကြောင်း ပြောကာ ကိုင်စီဒိုကို ဝေဖန်သွားခဲ့ပါတယ်။

ရော်ဘတ်ဆန်က – “ရိုင်ယန်ရဲ့ ဒဏ်ရာက အတော်လေး ဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် ရသွားခဲ့တဲ့ ဒဏ်ရာပါ။ ခင်ဗျားတို့တွေ အဲ့ဒီဖျက်ထုတ်မှုကို ကာကွယ်ပြီး ပြောပေးလို့ မရပါဘူး။ အဲ့ဒီဖျက်ထုတ်မှုက ခြေကျင်းဝတ်အတွက် ဆိုးရွားတဲ့ ဖျက်ထုတ်မှုပါ။ ကျွန်တော်တို့ကတော့ ရိုင်ယန် တယောက် ကွင်းထဲမှာ ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးကို ထပ်မခံစားရဖို့ပဲ မျှော်လင့်မိပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ အဲ့ဒီဖျက်ထုတ်မှုနဲ့ ပတ်သတ်ပြီး မကျေနပ်ပါဘူး။ ဒဏ်ရာရနေတဲ့ အသင်းဖော်တွေ အားလုံး မကြာခင် အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။