နိုင်ငံတကာ ရက်သတ္တပတ် ကာလအတွင်း ယူရိုခြေစစ်ပွဲတွေကို ဆင်နွဲသွားရမယ့် ပြင်သစ်လက်ရွေးစင် အသင်းအတွက် အသင်းခေါင်းဆောင် ရွေးချယ်ရမှာ အသက်(၂၄)နှစ်အရွယ်သာ ရှိသေးတဲ့ ကီလီယန်အမ်ဘာပေကို ရွေးချယ်ခဲ့ပြီး ဂရီးဇ်မန်းကို လက်ထောက် အသင်းခေါင်းဆောင်အဖြစ်သာ သတ်မှတ်ခဲ့ခြင်းအပေါ် ပြင်သစ် ကစားသမားဟောင်းကြီး ရောဘတ်ပီရက်စ်က မေးခွန်းထုတ်သွားခဲ့ပါတယ်။

Photo Credit : Twitter

ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ဝါရင့် ဂိုးသမားကြီး ဟူဂိုလိုရစ်က လက်ရှိမှာ ဒူးဒဏ်ရာ ခံစားနေရတာကြောင့် လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းနိုင်သေးတဲ့အတွက် အသင်းခေါင်းဆောင် ပြန်လည် ရွေးချယ်ရာမှာ အသင်းရဲ့ ဝါရင့် သမ္ဘာရင့် ကစားသမားတွေထက် အသင်းရဲ့ ကြယ်ပွင့် ကစားသမားဖြစ်သူ ဘာပေကိုသာ အသင်းခေါင်းဆောင်အဖြစ် နည်းပြဒေ့ရှောင့်က ရွေးချယ်သွားခဲ့ပါတယ်။ ဒီရွေးချယ်မှုနဲ့ ပတ်သတ်ပြီး အာဆင်နယ်နဲ့ ပြင်သစ်ကစားသမားဟောင်းကြီး ပီရက်စ်က သူ့ထင်မြင်ချက်တွေကို ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Tribuna

“ယုတ္တိတန်တဲ့ ရွေးချယ်မှုလားဆိုတော့ ရိုးရိုးသားသား ပြောရမယ်ဆိုရင် မဟုတ်ပါဘူးပေါ့။ ကျွန်တော်ကတော့ ဂရီးဇ်မန်းရဲ့ အသင်းအတွက် လုပ်ဆောင်ချက်တွေကို စဉ်းစားကြည့်ပြီး သူ့ကို အသင်းခေါင်းဆောင်အဖြစ် မျှော်လင့်ထားမိတာ။ ဂရီးဇ်မန်းက ဒေ့ရှောင့်ရဲ့ အားအထားရဆုံး ကစားသမား။ လက်ရွေးစင်အသင်းအတွက်ကိုလည်း (၇၄)ပွဲအထိတောင် ကစားထားနိုင်တဲ့သူ။ အခုဟာက သူ့အပေါ် လေးစားမှု ကင်းမဲ့နေသလိုပါပဲ။ ဒါတွေ ပြောနေလို့ ကျွန်တော်က ကီလီယန်ကို ဆန့်ကျင့်နေတာလည်း မဟုတ်ပါဘူး” လို့ ပီရက်စ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Goal

ဘာပေဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိအောင် အဓိကနေရာကနေ တွန်းပို့နိုင်ခဲ့သူဖြစ်ပေမယ့်လည်း လိုရစ် မပါဝင်နိုင်ချိန်မှာ လိုရစ်လို အတွေ့အကြုံရင့် ကစားသမားတစ်ဦးလည်းဖြစ် နည်းပြဒေ့ရှောင့်ရဲ့ လက်စွဲတော် ကစားသမားလည်းဖြစ်တဲ့ ဂရီးဇ်မန်းက အသင်းခေါင်းဆောင် တာဝန်ကို ဆက်ခံသင့်ခဲ့တာ ဖြစ်ပေမယ့်လည်း လက်ထောက် အသင်းခေါင်းဆောင် တာဝန်သာ လက်ခံ ရရှိခဲ့ပါတယ်။