လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်တဲ့ အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လူတန်တောင်း ၃-၄ အာဆင်နယ် ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့ပြီးနောက် သူ ဘယ်လောက်အထိ ပျော်ရွှင်နေသလဲ ဆိုတာကို ပရိသတ်တွေ သိအောင် ပြောပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် တန်းတက်ကလပ် လူတန်တောင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ လူတန်တောင်းရဲ့ မထင်ထားတဲ့ ရုန်းအားကြောင့် နိုင်ပွဲရဖို့ အတွက် နောက်ဆုံးမိနစ် အထိ ကြိုးစား ကစားခဲ့ရပါတယ်။

Photo Credit: Sky Sports

လူတန်တောင်းနဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပြီး အာဆင်နယ်က ချန်ပီယံဆု အတွက် တိုက်ပွဲဝင်ခဲ့သလို လူတန်တောင်းကလည်း တန်းမဆင်းရရေး အတွက် အာဆင်နယ်ဆီ ကနေ ရမှတ် ခွဲဝေယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

အာဆင်နယ်က လူတန်တောင်းထက် ကစားသမားအင်အားမှာ ပိုသာနေပေမယ့် အိမ်ကွင်း ပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျ အားပေးမှုတွေကြောင့် လူတန်တောင်းရဲ့ ကစားသမားတွေက အားကြိုးမာန်တက် ကြိုးစား ကစားခဲ့ကြပြီး နှစ်သင်းစလုံးက အပြန်အလှန် သွင်းဂိုးတွေ သွင်းယူကာ ပွဲကောင်း တပွဲကို ဖန်တီးနိုင်ခဲ့ကြပါတယ်။

Photo Credit: Football 365

လူတန်တောင်း ၃-၄ အာဆင်နယ် ပွဲစဉ်မှာ သူရဲကောင်း ဖြစ်ခဲ့တဲ့ ကစားသမားကတော့ အာဆင်နယ် အတွက် အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ ခေါင်းတိုက်ကာ သွင်းယူပေးခဲ့တဲ့ ဒီကလန်ရိုက်စ်ပဲ ဖြစ်ပါတယ်။ ဒီကလန်ရိုက်စ်နဲ့အတူ မာတီနယ်လီ ၊ ဂျေဇူးနဲ့ ဟားဗက်ဇ်တို့က အာဆင်နယ် အတွက် သွင်းဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြပြီး လူတန်တောင်း အတွက် သွင်းဂိုးတွေကိုတော့ အိုရှို ၊ အဒီဘာယိုနဲ့ ဘာကလေတို့က သွင်းယူပေးခဲ့ကြတာပါ။

နောက်ဆုံးမိနစ်မှာ အနိုင်ဂိုး သွင်းယူပေးကာ အာဆင်နယ်ရဲ့ သူရဲကောင်း ဖြစ်ခဲ့တဲ့ ဒီကလန်ရိုက်စ်က ဂိုးသွင်းယူပြီးချိန်မှာ သူ ဘယ်လိုခံစားခဲ့ရလဲ ဆိုတာကို ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။ ဒီကလန်ရိုက်စ်က – “အရိုးသားဆုံး ပြောရရင် ကျွန်တော်တို့တွေ အတော်လေးကို ပင်ပန်းနေကြပါပြီ။ မာတင်ဆီ ဘောလုံးရောက်သွားတဲ့ အချိန်မှာ ကျွန်တော်က ကျွန်တော့်ကို လူကပ်ထားတဲ့ တဖက် ကစားသမားကို အယောင်ပြပြီး သူ့ရဲ့ နောက်ကျောဘက်ကို ပြေးထွက်ခဲ့ပါတယ်။ ပြီးတော့ အလိုက်သင့် ခေါင်းတိုက်လိုက်ရုံပါပဲ။ ဘောလုံးက ဂိုးရဲ့ထောင့်ကို ဝင်သွားတဲ့ အချိန်မှာ ကျွန်တော်က ခံစားချက် အားလုံးကို တပြိုင်ထဲ ခံစားလိုက်ရပါတယ်။ တကယ်ကို ကောင်းခဲ့တဲ့ပွဲပါ။ ဒီလိုပွဲမျိုးရဲ့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်” လို့ ထုတ်ဖော် ပြောကြားလာခဲ့တာပါ။