ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်တို့ရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်သူ ဒီကလန်ရိုက်စ်က မကြာခင်မှာပဲ ဘိုင်ယန်မြူးနစ်ဆီ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ နာမည်ကြီး သတင်းထောက် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူက လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ တတိယ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရသူပါ။

Photo Credit: The Sun

ဒါကြောင့်ပဲ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် အပါအဝင် ဥရောပရဲ့ အင်အားကြီးအသင်းတွေက ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး ဝက်စ်ဟမ်းကလည်း သူတို့ရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်းအသင်းကြီး တသင်းဆီ ရောင်းထုတ်ဖို့ သဘောတူထားပါတယ်။

လက်ရှိမှာ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ဒီကလန်ရိုက်စ်ရဲ့ ဖခင်နဲ့ အေးဂျင့်တွေဆီ ဆက်သွယ်ကာ ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ထားကြသလို နှစ်သင်းစလုံးကလည်း ဒီကလန်ရိုက်စ် အတွက် ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော် ပေးချေဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။

Photo Credit: Bild

နာမည်ကြီး စပိန်သတင်းထောက် ဖြစ်သူ ဂျိုဆေး ဖီးလစ် ဒီယက်ဇ်ရဲ့ ဖော်ပြချက်အရ ဒီကလန်ရိုက်စ်က ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်နဲ့ Video Call ပြောကာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီး ဘိုင်ယန်မြူးနစ်က ဒီကလန်ရိုက်စ်ကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း ဝန်းကျင် အလိုရှိနေပြီး ဘိုင်ယန်မြူးနစ်ကတော့ ဒီကလန်ရိုက်စ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း + အပိုဆုကြေး ယူရို ၂၀သန်းနဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။