မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား ရိုဒရီက သူ့အနေနဲ့ ငွေကြေးထက် ဘောလုံး အားကစားကိုသာ ဦးစားပေးသွားမှာဖြစ်လို့ ငွေကြေးနဲ့ ပတ်သက်တဲ့ ဆော်ဒီလိဂ်လို ပြိုင်ပွဲမျိုးဆီ သွားရောက် ကစားဖို့ စိတ်ကူး မရှိသေးဘူးလို့ ဖွင့်ဟလိုက်ပါတယ်။

အသက် (၂၇)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီဟာ ၂၀၁၉ခုနှစ်ကတည်းကမှ အသက်လက်တီကိုကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ မန်စီးတီးရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်လာခဲ့ရပါတယ်။

Photo Credit : ESPN

လက်ရှိမှာ မန်စီးတီးကစားသမားအဖြစ် (၅)ရာသီမြောက်ကို ဖြတ်သန်းနေတဲ့ ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီဟာ သူ့အတွက် ဘောလုံးနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေကိုသာ မက်မောပြီး ငွေကြေးနောက်လိုက်ကာ ဘောလုံးကစားတာမျိုးကို ဦးစားပေးမှာ မဟုတ်ဘူးလို့ ပြောဆိုလာခဲ့ပါတယ်။

“ကျွန်တော်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လား? ကျွန်တော် မန်စီးတီးအသင်းမှာ အရမ်း ပျော်ရွှင်နေပါတယ်။ ဆော်ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ကြားဖူးပေမယ့် ကျွန်တော့်အတွက်တော့ ဆော်ဒီလိဂ်လို ပရောဂျက်မျိုးမှာ ပါဝင်ဖို့ဆိုတာက အရမ်းရှုပ်ထွေးပါတယ်။”

Photo Credit : The Telegraph

“ဘောလုံးအားကစားမှာ ကျွန်တော်ရဲ့ ဦးစားပေးတဲ့ အရာက ရည်မှန်းချက်ပါပဲ။ အားကစားဆိုင်ရာ ကိစ္စရပ်တွေ တစ်ဦးချင်း အသင်းလိုက်ဆိုင်ရာတွေ။ လက်ရှိအချိန်မှာတော့ ဆော်ဒီလိဂ်မှာ ဒါတွေ မရှိသေးသလို ဆော်ဒီလိဂ်မှာ ကစားဖို့လည်း စိတ်ကူး မရှိသေးပါဘူး။” လို့ ရိုဒရီက ဖွင့်ဟလာခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ပွဲစဉ်မှာ တိုက်ရိုက် အနီကတ် ပြသခံရလို့ (၃)ပွဲပယ် ပြစ်ဒဏ်ထိထားခဲ့ရတဲ့ ရိုဒရီဟာ လက်ရှိမှာတော့ ပွဲပယ်ပြစ်ဒဏ် စေ့သွားပြီဖြစ်လို့ လာမယ့် စနေနေ့ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအတွက် ပြန်လည် ပါဝင်လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။