လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ထိပ်တန်း နည်းပြကြီး ယာဂန် ကလော့ပ်နေရာမှာ အစားထိုးသွားဖို့အတွက် နည်းပြအများအပြားကို ပစ်မှတ်ထားလျက် ရှိနေရာ လက်ရှိမှာတော့ ဖိုင်ယင်နော့နည်းပြ အန်း ဆလော့တ်က လီဗာပူးလ်နည်းပြသစ် ဖြစ်လာဖို့ အပြတ်အသတ် ရေပန်းအစားဆုံး ဖြစ်လာခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကနေ လက်ရှိအချိန်ထိ အသင်းကို အကောင်းဆုံး ကိုင်တွယ်ပေးခဲ့တဲ့ နည်းပြကြီး ကလော့ပ်က ၂၀၂၄ နှစ်စပိုင်းမှာ ဒီရာသီကုန်မှာ အသင်းကနေ စွန့်ခွာတော့မယ်လို့ အသိပေးခဲ့ပြီးနောက်ပိုင်း လီဗာပူးလ်အနေနဲ့ ကလော့ပ်နေရာအတွက် နည်းပြတစ်ဦးကို အသေအချာ ရှာဖွေခဲ့ရပါတယ်။

Photo Credit : BBC

လီဗာပူးလ်အသင်းက ကလော့ပ်နေရာအတွက် အလွန်ဆို အမော်ရင် နာဂယ်စမန်းတို့လို အသက်အရွယ်ပိုင်း ငယ်ရွယ်လှတဲ့ နည်းပြတွေကို ဦးစားပေး ပစ်မှတ်ထားခဲ့ပေမယ့် နည်းပြရာထူး တာဝန်ပေးဖို့က အဆင်မပြေခဲ့တာကြောင့် နယ်သာလန်လူမျိုး ဘောလုံးနည်းပြ ဆလော့တ်ကို စတင် ချိန်ရွယ်လာခဲ့ပါတယ်။

အသက် (၄၅)နှစ်အရွယ်ရှိ ဖိုင်ယင်နော့နည်းပြ ဆလော့တ်ဟာ ဒီနှစ် ဘောလုံးရာသီ မစတင်ခင် စပါးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ နီးစပ်ခဲ့သူဖြစ်ပြီး အခုရာသီမှာ ဖိုင်ယင်နော့ကို ပြည်တွင်း ရှုံးထွက်ဖလား ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ထားသလို အမှတ်ပေးလိဂ်မှာလည်း အဆင့်(၂)နေရာ ရပ်တည်အောင် လုပ်ဆောင်ထားပါတယ်။

 

Photo Credit : SPORTbible

ဒါ့အပြင် နည်းပြဆလော့တ်ဟာ နယ်သာလန် အမှတ်ပေးလိဂ်မှာ တစ်ရာသီအတွင်း အကောင်းဆုံးနည်းပြဆုကိုပါ (၂)ရာသီဆက်တိုက်အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ အရည်အသွေးမြင့် နည်းပြဖြစ်တာကြောင့် လီဗာပူးလ်က ဆလော့တ်ကို ရရှိဖို့အတွက် အလျင်အမြန် ကြိုးပမ်းလာခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ လီဗာပူးလ်နဲ့ ဆလော့တ်တို့ရဲ့ကြား ဆွေးနွေးမှုတချို့ ပြုလုပ်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ထပ်မံ တွေ့ဆုံဖွယ်လည်း ရှိနေပါတယ်။ လီဗာပူးလ်နဲ့ ဆလော့တ်ရဲ့အေးဂျင့် ရာဖယ်လ်လာ ပီမန်တာနဲ့ကြားမှာလည်း ဆက်ဆံရေးကောင်းတွေ ရှိနေသလို ဆလော့တ် ကိုယ်တိုင်ကလည်း လီဗာပူးလ်လို ထိပ်တန်းအသင်းကြီးကို ကိုင်တွယ်သွားဖို့အတွက် အတော်လေး စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။