ကမ္ဘာ့နာမည်ကြီး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တခု ဖြစ်တဲ့ RedBird Capitalက ပူပူနွေးနွေး အီတလီ စီးရီးအေ ချန်ပီယံအသင်း ဖြစ်တဲ့ အေစီမီလန်ကို ဝယ်ယူဖို့ သဘောတူညီမှု ရခဲ့သလို အကြို သဘောတူညီမှု စာချုပ်ပါ ချုပ်ဆိုနိုင်ခဲ့ကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသေးစားနဲ့ အလတ်စား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကို ငွေကြေး ထုတ်ချေးပေးတဲ့ ဝန်ဆောင်မှုကို လုပ်ကိုင်သလို ရင်းနှီးမြှုပ်နှံမှုပေါင်း များစွာကို ပိုင်ဆိုင်ထားတဲ့ RedBird Capital Companyက ယူရို ၆ဘီလီယံကျော် ကြွယ်ဝ ချမ်းသာတဲ့ နာမည်ကြီး ကုမ္ပဏီ တခုပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ကမ္ဘာတဝှမ်းမှာ များပြားလှတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ RedBird Capitalဟာ သူတို့ရဲ့ စီးပွားရေးအင်ပါယာကို ချဲ့ထွင်ချင်တာကြောင့် လွန်ခဲ့တဲ့ ၃နှစ် ဝန်းကျင်ထဲက ဥရောပရဲ့ နာမည်ကြီး အသင်းတွေကို ဝယ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး သူတို့က ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားသလို အသင်းကို အလုံးစုံ ဝယ်ယူဖို့  အထိ ကမ်းလှမ်းမှုတွေပါ ပြုလုပ်ဖူးကြောင်း အမေရိကန် အခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။

လီဗာပူးကို အလုံးစုံ ဝယ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် RedBird Capitalက ဥရောပမှာ ပရိသတ် အခိုင်အမာ ရှိကာ အစဉ်အလာ ကြီးမားသလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကလပ်အသင်းတွေကို ဝယ်ယူဖို့ ဆက်လက် ကြိုးပမ်းခဲ့ရာ နောက်ဆုံးမှာတော့ ပူပူနွေးနွေး စီးရီးအေ ချန်ပီယံ အေစီမီလန်က သူတို့ရဲ့ စိတ်ကြိုက်အသင်း ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ RedBird Capitalက အေစီမီလန်ကို လက်ရှိပိုင်ရှင်တွေ ဖြစ်ကြတဲ့ Elliott Management Coporation လက်ထဲကနေ ပြောင်းလဲ ဝယ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီး RedBird Capitalက အေစီမီလန်ကို ယူရို ၁.၂ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်းလည်း သိရပါတယ်။

RedBird Capitalက အေစီမီလန်ကို ဝယ်ယူပြီးနောက် ယူရို ၅၀၀သန်းတန် စီမံကိန်း တရပ်နဲ့အတူ အသင်းကို စီးရီးအေပြိုင်ပွဲမှာ သာမကပဲ ဥရောပပြိုင်ပွဲမှာပါ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် ပျိုးထောင်ဖို့ ရည်မှန်းထားကြောင်း အေစီမီလန် ပရိသတ်တွေကို အသိပေး အကြောင်းကြားထားပါတယ်။