လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ကာလရှည်ပစ်မှတ် ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေ အတွက် လာမယ့် ဆောင်းဈေးကွက် အစမှာ တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်မယ်လို့ နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူက မကြာခင်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲဖို့ ရာခိုင်နှုန်း များနေပါတယ်။

Photo Credit: Real Champs

အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်နေသေးပေမယ့် သူ့ရဲ့ ကစားသမားဘဝ အတွက် အသင်းပြောင်းဖို့ ချိန်ရွယ်နေသူ ဖြစ်ပြီး သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရဖို့ အတွက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ့် အသင်းကြီး တသင်းဆီ ပြောင်းချင်နေတာပါ။

တဖက်မှာတော့ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့ ဈေးကွက်တွေ ဖွင့်တိုင်းမှာ အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အခုချိန်အထိ အမ်ဘာပေကို သူတို့အသင်းဆီ မခေါ်ယူနိုင်သေးပါဘူး။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က လာမယ့် ဆောင်းဈေးကွက် အစမှာပဲ အမ်ဘာပေ အတွက် ကစားသမားဆီရော ၊ ပီအက်စ်ဂျီဆီပါ တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့ဖို့ ပြင်ဆင်ထားပြီး အဆိုပါ ကမ်းလှမ်းချက်ကိုသာ ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့က လက်ခံရင် အမ်ဘာပေကို ချက်ချင်း ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ရာသီဝက် အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူချင်နေပေမယ့် ပီအက်စ်ဂျီက အမ်ဘာပေကို ရာသီကုန်မှသာ လက်လွှတ်ဖို့ ဆန္ဒရှိနေသလို ဖြစ်နိုင်မယ် ဆိုရင် အမ်ဘာပေကို စာချုပ်သစ်ပါ ထပ်ချုပ်ချင်နေကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။