ပူပူနွေးနွေး လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ပြင်သစ်အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူပြီးရင် လေဗာကူဆင်နဲ့အတူ တောက်ပနေတဲ့ ဂျာမန်လူငယ်ကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကို ထပ်မံ ခေါ်ယူဖို့ အစီအစဉ် ဆွဲထားကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မယ့် အကြောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တရားဝင် ကြေညာခဲ့သူ ဖြစ်ပြီး အမ်ဘာပေက ပီအက်စ်ဂျီ ကနေ ရီးရဲလ်မက်ဒရစ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာမှာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ၅နှစ် (သို့) ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ စီစဉ်ထားကာ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အတွက် လက်မှတ်ထိုးကြေး ယူရို ၁၀၀သန်း ရရှိမှာ ဖြစ်ပြီး လစာကတော့ ဘယ်လင်ဟမ် ၊ ဗင်နီးစီးယပ်စ် စတဲ့ ကစားသမားတွေနဲ့ တန်းတူပါပဲ။

ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသကာ စပိန်စူပါဖလားနဲ့ လာလီဂါဖလားတွေကို သိမ်းပိုက်ထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီလည်း တက်လှမ်းထားနိုင်ပြီး ခြေစွမ်းကောင်းနေတဲ့ ရီးရဲလ်မက်ဒရစ်ဆီ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲမှာ ပါနေတဲ့ အမ်ဘာပေသာ ထပ်ရောက်လာခဲ့ရင် ဒါက ကျားကို အတောင်ပံ တပ်ပေးလိုက်တာနဲ့ အတူတူ ဖြစ်သွားပါလိမ့်မယ်။

Photo Credit: Tribuna

ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို မကြာခင်မှာ ပိုင်ဆိုင်ခွင့် ရဖို့ ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းရဲ့ သွေးသစ်လောင်းမှုကို ဒီနေရာမှာတင် ရပ်တန့်ဦးမှာ မဟုတ်ပဲ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကို ထပ်ခေါ်ဖို့ စီစဉ်နေပြန်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး စပိန်သတင်းထောက် ဟိုဆေး ဖီးလစ်ဇ် ဒီယက်ဇ်ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ၂၀၂၅ခုနှစ် နွေဈေးကွက်မှာ လေဗာကူဆင်ကို စွန့်ခွာဖို့ စဉ်းစားထားတဲ့ ဖလော်ရီယန်ဗစ်ဇ်ကို သူတို့ရဲ့ ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ထားပြီး ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၅ခုနှစ် နွေဈေးကွက်မှာ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူနိုင်ဖို့ အခုထဲက စတင် ကြိုးစားနေကြောင်း သိရှိရပါတယ်။