ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ကားလို့အန်စလော့တီက မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာတောင်မှ နည်းပြနယ်ပယ်ထဲမှာ ဆက်လက် ရှိနေဦးမယ်ဆိုရင် တစ်နေ့နေ့မှာတော့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရတာမျိုး ဖြစ်လာနိုင်တယ်လို့ အရွန်းဖောက် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အန်စလော့တီရဲ့ ရီးယဲလ်အသင်းဟာ ဒီကနေ့မှာပဲ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်ကို ဆင်နွဲရမှာဖြစ်ပြီး ဗလင်စီယာအသင်းက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နည်းပြဂတ်တူဆိုကို ရာထူးကနေ ထုတ်ပယ်ထားတာ ဖြစ်ပါတယ်။ သူရဲ့နည်းပြဟောင်းဖြစ်ခဲ့သူ ဂတ်တူဆို နည်းပြရာထူးကနေ ထုတ်ပယ်ခံရတာနဲ့ ပတ်သတ်ပြီး “ဒါဟာ နည်းပြတွေအတွက် တကယ့် လက်တွေ့ပါပဲ။ ဂွာဒီယိုလာကလွဲပြီး ကျွန်တော်တို့အားလုံးက အလုပ်ထုတ်ခံရနိုင်ပေမယ့် သူကိုယ်တိုင် ဒီအလုပ်ကို ဆက်လုပ်နေဦးမယ်ဆိုရင်တော့ တစ်နေ့နေ့မှာ ထုတ်ပယ်ခံရနိုင်မှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလို ဖြစ်ခဲ့ရပေမယ့် ကျွန်တော် ဒီအလုပ်မှာပဲ ဆက်ရှိနေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

နည်းပြသက်တမ်းတစ်လျှောက် ဆုဖလား အောင်မြင်မှုများစွာကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၄)ကြိမ် ရယူနိုင်ခဲ့သလို ဥရောပထိပ်သီးလိဂ်(၅)ခုလုံးမှာ အမှတ်ပေးဆုဖလားတွေ ပိုင်ဆိုင်ခဲ့တဲ့ ဝါရင့်နည်းပြကြီး အန်စလော့တီကိုယ်တိုင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရတာတွေ ဖြစ်ခဲ့ဖူးတာကြောင့် အန်စလော့တီက ဘယ်နည်းပြမှ သူတို့ရဲ့ အနာဂတ်အတွက် အာမခံချက် မရှိနိုင်ပဲ တစ်နေ့နေ့မှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ အန်စလော့တီနဲ့ အေစီမီလန်အသင်းမှာ ဆရာတပည့်တွေအဖြစ် လက်တွဲခဲ့ဖူးသူ ဂတ်တူဆိုကတော့ သူ့ဆရာဟောင်းနဲ့ ပြန်လည် မရင်ဆိုင်ရခင်မှာပဲ ဗလင်စီယာနည်းပြရာထူးကို စွန့်လွတ်သွားခဲ့ရပါတယ်။ ဒါဟာ ဗလင်စီယာအသင်းအနေနဲ့ (၉)နှစ်အတွင်းမှာ အသင်းနည်းပြ (၁၀)ဦးထိ ထုတ်ပယ်ခဲ့တာဖြစ်ပြီး အသင်းအတွက် အမှန်တကယ် ခန့်အပ်သင့်တဲ့ နည်းပြမျိုး မရွေးချယ်နိုင်မှုနဲ့ နည်းပြတွေကို အချိန်မပေးနိုင်မှုတွေက အသင်းကို ဆိုးကျိုးတွေ သက်ရောက်စေရပါတယ်။ လက်ရှိမှာတော့ ဗလင်စီယာအသင်းဟာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)နေရာမှာ ရပ်တည်လို့နေပြီး ဒီည ဘာနေဗျူးမှာ အိမ်ရှင် ရီးယဲလ်ကို ဒုက္ခပေးသွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။