စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က အသက်အရွယ် ရလာတဲ့ သူတို့အသင်းရဲ့ တိုက်စစ်မှူး ကာရင် ဘန်ဇီမာရဲ့ နေရာအတွက် တိုက်ရိုက် အစားထိုးမှု အဖြစ် မန်ချက်စတာ စီးတီးနဲ့အတူ တောက်ပနေတဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germany သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ရရှိအောင် အစွမ်းကုန် ကူညီပေးခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက် ပြသထားနိုင်ပေမယ့် အသက် ၃၄နှစ် ရှိနေပြီ ဖြစ်တာကြောင့် မကြာခင်မှာပဲ ဘန်ဇီမာဟာ မြက်ခင်းစိမ်းတွေကို ကျောခိုင်းရဖွယ် ရှိနေပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က ဘန်ဇီမာရဲ့ နေရာကို အစားဝင်နိုင်သလို ရေရှည်မှာ အသုံးဝင်မယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားကာ ရီးရဲလ်မက်ဒရစ်ရဲ့ ကင်းထောက်တွေနဲ့ တာဝန်ရှိသူတွေကလည်း သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် တိုက်စစ်မှူးသစ် ရှာပုံတော် ဖွင့်နေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germany သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ဟာလန်းကို လာမယ့် ၂၀၂၄ခုနှစ်မှာ ခေါ်ယူဖို့ အတွက် စတင် အစီအစဉ် ချထားပြီး ဟာလန်းကလည်း ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကိုသာ ဦးဆောင်ခွင့် ရမယ် ဆိုရင် အသင်းပြောင်းဖို့ စိတ်ကူးရှိနေကြောင်း သိရပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း အာလင်း ဟာလန်းနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေကြောင်းနဲ့ အဆိုပါ စာချုပ်ဖျက်သိမ်းကြေး အသက်ဝင်မယ့် ကာလတရပ် ရှိနေကြောင်း ဖော်ပြထားတာကြောင့် ဟာလန်းအနေနဲ့ ၂၀၂၄ခုနှစ်မှာ မန်ချက်စတာ စီးတီးကို စွန့်ခွာသွားနိုင်ချေ ရှိနေပါတယ်။

ဟာလန်းရဲ့ ဖခင်ဖြစ်သူက သူ့ရဲ့သားဟာ အသင်းတသင်းထဲမှာ ကြာရှည် ကစားဖို့ စိတ်ကူးမရှိပဲ ဥရောပရဲ့ နာမည်ကြီး ဘောလုံးလိဂ်တိုင်းမှာ ကစားရင်လည်း ကစားနိုင်ကြောင်း ပြောကြားထားတာကြောင့် ဟာလန်းဟာ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်မှူးသစ် ဖြစ်လာနိုင်ချေ မြင့်မားနေပါတယ်။