ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နှစ် နွေရာသီ ဈေးကွက်အတွင်းမှာ အသင်းရဲ့ ညာခြမ်းခံစစ် နေရာမှာ ကစားသမား အင်အားဖြည့်တင်းဖို့အတွက် လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးကိုပါ ချိန်ရွယ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

လက်ရှိ ရီးယဲလ်အသင်းရဲ့ ညာနောက်ခံနေရာမှာ ဝါရင့် ကစားသမားတွေဖြစ်တဲ့ ကာဗာဟယ် နဲ့ ဗက်ဇ်ကေးတို့သာ ရှိနေတဲ့အတွက် ရီးယဲလ်က ထိပ်တန်း ညာနောက်ခံလူတစ်ဦးကို ထပ်မံ ဖြည့်တင်းသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

ကနဦးပိုင်းမှာတော့ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ကို အဓိက ပစ်မှတ်ထားနေပေမယ့်လည်း ရီးစ်ဂျိမ်းစ်က ဒဏ်ရာ ပြသာနာတွေ မကြာခဏ ရရှိနေတာဖြစ်လို့ အာနိုးကိုသာ ပြောင်းလဲ ချိန်ရွယ်လာခဲ့တာပဲ ဖြစ်ပါတယ်။

အသက် (၂၅)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံ ကစားသမား အာနိုးဟာ လီဗာပူးလ် လူငယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိချိန်ကနေ အခုအချိန်ထိ လီဗာပူးလ်ရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Independent

လီဗာပူးလ်အသင်းနဲ့ ဆုဖလား အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့တဲ့ အာနိုးဟာ အနာဂတ်မှာ လီဗာပူးလ်ရဲ့ အသင်းခေါင်းဆောင် တစ်ဦးပါ ဖြစ်လာနိုင်တဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်နေတာမို့ အသင်းကနေ လုံးဝ ရောင်းထုတ်ဖို့ ဆန္ဒရှိမှာ မဟုတ်သလို အာနိုးကိုယ်တိုင်ကလည်း လီဗာပူးလ်မှာသာ ဆက်လက် ရှိနေဖို့က သေချာသလောက် ရှိနေပါတယ်။

ဒါပေမယ့် ရီးယဲလ်ဘက်ကတော့ အာနိုးအတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ပေါင် သန်း(၇၀)ကနေ စတင် အသုံးပြုသွားဖို့ ရှိနေပြီး ဒီထက်မကသော ကမ်းလှမ်းမှုတွေပါ ထပ်မံ လုပ်ဆောင်လာဖို့လည်း ရှိနေတယ်လို့ Liverpool Echo ကနေ ဖော်ပြထားခဲ့ပါတယ်။