၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ လာလီဂါပြိုင်ပွဲအတွင်း ဗီလာရီးယဲလ်နဲ့ မာယော့ကာတို့ကို ရှုံးနိမ့်ခဲ့ပြီး ဆိုစီဒက်ကို သရေကျခဲ့သလို စပိန်စူပါဖလား ဖိုင်နယ်မှာလည်း ဘာစီလိုနာကို အရေးနိမ့်ကာ ဖလားတစ်လုံး လက်လွတ်ခဲ့ရပါတယ်။ ဒီလို ရလဒ်တွေဟာ အသင်းက ထိပ်တန်းကစားသမား အထူးသဖြင့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်ဆင်နွဲထားရတဲ့ ကစားသမားတွေရဲ့ after world cup form တွေကြောင့်လည်း ဖြစ်ရတယ်လို့ ယူဆနိုင်ပါတယ်။

Photo Credit : The Mirror

ရီးယဲလ်အသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းက ကစားသမား(၁၃)ယောက်ကို သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေဆီ စေလွှတ်ထားခဲ့ပြီး မိုဒရစ် ချူအာမန်နီ ကာမာဗင်ဂါတို့လို ကစားသမားတွေက ပြိုင်ပွဲပြီးဆုံးချိန်အထိ တောက်လျှောက် ယှဉ်ပြိုင်ခဲ့ရရင်း ကမ္ဘာ့ဖလားကနေ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေ စိတ်ပျက်စရာတွေကြောင့် ကစားသမားတွေရဲ့ လတ်တလော ခြေစွမ်းတွေမှာပါ သက်ရောက်စေရပါတယ်။ ဒီလို အကျိုးသက်ရောက်စေတဲ့ ကစားသမားတွေထဲမှာ ရီးယဲလ်ရဲ့ ဥရုဂွေး ကွင်းလယ်လူ ဖရက်ဒရစ်ကိုဗယ်လ်ဗာဒီပါ အပါအဝင် ဖြစ်နေရပါတယ်။

Fede Valverde Sad : r/worldcup

Photo Credit : Reddit

“ဒါက ကျွန်တော့်အပေါ် သက်ရောက်မှု ရှိခဲ့တယ်။ ဒါ သိသာထင်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကျွန်တော့်နိုင်ငံအတွက် အကောင်းဆုံးတွေ ဖြစ်စေချင်လို့ပါပဲ။ ကလေးဘဝကတည်းက ဒီပြိုင်ပွဲကြီးကို ဆင်နွဲဖို့ စိတ်လှုပ်ရှားနေခဲ့တာ။ လူသန်းပေါင်းများစွာကလည်း ဒီအတွက် အိမ်မက်တွေ မက်ထားကြတာ။ ကျွန်တော် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက အသုံးမဝင်ခဲ့ဘူးလို့လည်း ခံစားမိရတယ်။ အဲ့ဒါက အများကြီး နာကျင်ရတယ်။ ဒါပေမယ့် အရာရာတိုင်းက ကျွန်တော့်ကို သင်ယူဖို့အတွက် ကူညီပေးခဲ့တယ်။ ဘောလုံးမှာ ကောင်းမွန်တဲ့ အရာတွေပဲ အမြဲဖြစ်ပေါ်လာတတ်တာ မဟုတ်မှန်းကိုလည်း သိလာရတယ်။ နောက်ပြီး ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက ကျွန်တော် စွမ်းဆောင်ခဲ့တဲ့အတိုင်း ဆက်လုပ်သွားအောင် ကြိုးစားသွားရပါမယ်။ အခု ဒီအသင်းအတွက်ကိုလည်း ဆက်ပြီး လုပ်ဆောင်ရမယ်။ ပိုပြီး တိုးတတ်လာဖို့ အသင်းရဲ့ အသင်းခေါင်းဆောင်ပါ ဖြစ်လာဖို့ ဆက်ပြီး ကြိုးစားသွားရပါမယ်” လို့ ဗယ်လ်ဗာဒီက ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။ ဗယ်လ်ဗာဒီဟာ ကမ္ဘာ့ဖလားမတိုင်ခင်က ရီးယဲလ်အတွက် (၈)ဂိုးသွင်း (၄)ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြီးနောက်မှာတော့ ရီးယဲလ်အတွက် တစ်ဂိုးမှမသွင်း တစ်ဂိုးမှ မဖန်တီးနိုင်ခဲ့ပါဘူး။