ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီက သူတို့အသင်းအနေနဲ့ လက်ရှိ ဈေးကွက်အတွင်းမှာ ကစားသမားသစ်(၂)ဦး ခေါ်ယူထားပြီးတဲ့နောက် အသင်းရဲ့ လူအင်အားက အတောင့်တင်းဆုံး အနေအထားမှာ ရှိနေပြီဖြစ်လို့ နောက်ထပ် ကစားသမားသစ်တွေကို ထပ်မံခေါ်ယူသွားတော့မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

This was the first day in the office of Tchouaméni and Rüdiger | Ziranews

Photo Credit : Ziranews

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဥရောပချန်ပီယံလိဂ်ဖလားနဲ့ စပိန်လာလီဂါဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ အခုနွေဈေးကွက်အတွင်း ဂျာမနီ နောက်ခံကစားသမား ရူဒီဂါကို ချယ်လ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး မိုနာကိုအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ချူအာမန်နီကိုလည်း ယူရိုသန်း(၈၀)နဲ့ ခေါ်ယူထားခဲ့ပါတယ်။ ကစားသမားသစ်နှစ်ဦး ခေါ်ယူမှုအတွက် ယူရိုသန်း(၈၀)သာ အသုံးပြုထားရသေးတဲ့ ရီးယဲလ်အသင်းဟာ နောက်ထပ် ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားဦးမယ်လို့ ထင်ခဲ့ရပေမယ့်လည်း အသင်းနည်းပြ အန်စလော့တီကတော့ သူတို့အသင်းက တောင့်တင်းနေပြီဖြစ်လို့ ကစားသမားသစ် မလိုအပ်တော့ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

We had forgotten how good Carlo Ancelotti is | Marca

Photo Credit :  Marca

ရီးယဲလ်နည်းပြကြီး အန်စလော့တီက “ကျွန်တော်တို့တွေ တခြား ကစားသမားသစ် ခေါ်ယူတာတွေကို လုပ်ဆောင်တော့မှာ မဟုတ်ပါဘူး။ လက်ရှိ အသင်းရဲ့ လူအင်အားနဲ့ ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့အသင်းက တောင့်တင်းနေပါပြီ။ ရူဒီဂါ ချူအာမန်နီတို့နဲ့ ပျော်ရွှင်နေပါတယ်။ ဟာဇက်ကလည်း ကျွန်တော်တို့ကို အများကြီး ကူညီပေးမယ်ဆိုတာ သေချာနေပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ကစားသမားနှစ်ဦးသာ ခေါ်ယူထားခဲ့တဲ့ ရီးယဲလ်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ မာဆယ်လို အစ္စကိုနဲ့ ဘေးလ်တို့ကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့သလို ဆာဘီးယား တိုက်စစ်ကစားသမား လူကာယိုဗစ်ကိုလည်း ဖီအိုရင်တီးနားအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာစေခဲ့ပါတယ်။ လက်ရှိမှာတော့ ရီးယဲလ်အသင်းက ကစားသမားသစ်တွေကို မခေါ်ယူတော့ပဲ အသင်းက ကစားသမားတွေဖြစ်တဲ့ အဆန်စီယို မာရီယာနိုဒီယက်ဇ် စီဘယ်ယို့စ် မာရိုရယ်လ်တို့ကို အသင်းကနေ ရှင်းထုတ်သွားဖို့သာ ပြင်ဆင်နေပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်ဟာ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် အမေရိကန်နိုင်ငံမှာ သွားရောက်ကစားမှာဖြစ်ပြီး မဟာပြိုင်ဘက် ဘာစီလိုနာအသင်း အပါအဝင် ဂျုဗင်တပ်စ် ကလပ်အမေရိကအသင်းတွေနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဇူလိုင်(၂၃)ရက်နေ့မှာပဲ ဘာစီလိုနာအသင်းနဲ့ အယ်ကလက်စီကိုဒါဘီပွဲစဉ်ကို လပ်စ်ဗီးဂတ်စ်က Allegiant Stadium ကွင်းကြီးထဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။