စပိန်လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်နွေမှာ ရူဒီဂါနဲ့ ချူအာမန်နီ နှစ်ဦးကို ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် နောက်ထပ် လူငယ်ကြယ်ပွင့်လေးတစ်ဦးကိုပါ ထပ်မံ စိတ်ဝင်စားနေပေပြီး ဒီကစားသမားလေးကတော့ မန်ချက်စတာယူနိုက်တက် ယူ-၁၈အသင်းရဲ့ ဆယ်ကျော်သက် တောင်ပံကစားသမားလေး အလက်ဂျန်ဒရိုဂနာချိုဖြစ်ပြီး ခေါ်ယူသွားနိုင်ဖို့အတွက်လည်း ဂနာချိုရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Real Madrid are keeping tabs on Manchester United wonderkid Alejandro Garnacho

Photo Credit : The Sun

အသက်(၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား ကစားသမားလေး ဂနာချိုဟာ ဘယ်ညာတောင်ပံနှစ်ဖက်မှာ ကျွမ်းကျင်စွာ ကစားနိုင်သူဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာပဲ ယူနိုက်တက် စီနီယာအသင်းအတွက် (၁၁)မိနစ်ခန့် ပါဝင်ခွင့်ရခဲ့သလို လာမယ့်ရာသီ နည်းပြတန်ဟက်ဂ်ရဲ့ လက်အောက်မှာလည်း ဒီထက်မက ပွဲကစားခွင့်တွေ ရရှိနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဂနာချိုနဲ့ ယူနိုက်တက်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ခုနှစ်မှာ ကုန်ဆုံးရတော့မှာဖြစ်လို့ ဂနာချိုလို အရည်အသွေးမြင့် ကြယ်ပွင့်လေးတစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရဖို့အတွက် အလျင်အမြန် စာချုပ်သက်တမ်းတိုးနိုင်ဖို့ အသေအချာ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Manchester United Have High Hopes For Young Star Alejandro Garnacho

Photo Credit : Forbes

ဒီလို အခြေအနေမျိုးမှာ လက်ရှိ ဥရောပချန်ပီယံ ရီးယဲလ်အသင်းကနေ ဂနာချိုရဲ့ စာချုပ်အခြေအနေကို စောင့်ကြည့်လာတဲ့ အနေအထားတွေ ရှိလာခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ဂနာချိုကို ဆက်လက် ထိန်းသိမ်းဖို့က ပိုလို့တောင် ခဲယဉ်းလာနိုင်ပါတယ်။ ရီးယဲလ်အသင်းဟာ ယခင်ကတည်းက ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို ဒေးဗစ်ဘက်ခမ်း နစ္စတယ်ရွိုင်း ဂါဘရီရယ်ဟိန့်ဇ်တို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဂနာချိုဟာလည်း ယူနိုက်တက် လူငယ်အသင်းဆီကို မရောက်ရှိခင်တုန်းက ရီးယဲလ်အသင်းရဲ့ မြို့ခံပြိုင်ဘက် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ လူငယ်အကယ်ဒမီမှာ ပါဝင်ထားခဲ့ဖူးတာကြောင့် မက်ဒရစ်မြို့နဲ့ သိပ်မစိမ်းသလို ဂနာချိုကိုယ်တိုင်ကလည်း စပိန်-အာဂျင်တီးနားနွယ်ဖွား ဖြစ်နေတာမို့ တကယ်လို့သာ ယူနိုက်တက်နဲ့ ထပ်မံ လက်မတွဲဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့ကို အလိုရှိနေတဲ့ ရီးယဲလ်အသင်းဆီ ကူးပြောင်းဖို့ ဆန္ဒရှိလာနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ဂနာချိုကို စာချုပ်သက်တမ်း အမြန်တိုးပေးဖို့ အသင်းဆီကို တောင်းဆိုထားပြီး pre season tours မှာလည်း အသင်းနဲ့အတူ ခေါ်ဆောင်သွားဖွယ် ရှိနေရပါတယ်။