စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က လာမယ့် နွေဈေးကွက်မှာ ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို ပီအက်စ်ဂျီရဲ့ အဓိက ညာနောက်ခံလူ ဟာခီမီကိုပါ ထပ်ခေါ်ဖို့ အစီအစဉ် ဆွဲနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် မော်ရိုကို လက်ရွေးစင် ညာနောက်ခံလူ ဟာခီမီက ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် အရည်အသွေးမြင့် ညာနောက်ခံလူ ဖြစ်ပြီး သူက ၂၀၁၅ခုနှစ် ကနေ ၂၀၁၈ခုနှစ် အထိ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်အသင်းတွေမှာ ကစားခဲ့ကာ ၂၀၁၈ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ် ကနေ ဒေါ့မွန်ဆီ ၂ရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Standard

၂၀၂၀ခုနှစ်မှာတော့ ဟာခီမီက ရီးရဲလ်မက်ဒရစ်ဆီ ပြန်ရောက်လာခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က သူ့ကို ပွဲထွက်ခွင့် မပေးနိုင်တာကြောင့် အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ဆီ ပြောင်းရွှေ့ကြေး ယူရို ၄၃သန်းနဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ အင်တာမီလန်ဆီ ရောက်ရှိပြီးနောက် ဟာခီမီက သူဟာ ကမ္ဘာ့အဆင့် ညာနောက်ခံလူ ဖြစ်ကြောင်း ခြေစွမ်းကောင်းတွေနဲ့အတူ သက်သေပြခဲ့တာကြောင့် ၂၀၂၁ခုနှစ်မှာ ပီအက်စ်ဂျီက ဟာခီမီကို ယူရို ၆၈သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဟာခီမီက ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ၃နှစ်တာ ကာလအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၇ကြိမ် ရရှိခဲ့ပြီး ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက ဟာခီမီကို အသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင် အဖြစ် ရှုမြင်နေကြပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က လာမယ့် နွေဈေးကွက် အတွင်းမှာ အမ်ဘာပေကို ခေါ်ယူပြီးရင် သူတို့ရဲ့ ညာနောက်ခံနေရာ အတွက် ဟာခီမီကိုပါ ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ရီးရဲလ်မက်ဒရစ်က ဟာခီမီကို ၂၀၂၅ခုနှစ် နွေဈေးကွက်မှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

ဟာခီမီက ပီအက်စ်ဂျီနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ပီအက်စ်ဂျီက သူ့ကို လာမယ့် နွေဈေးကွက်မှာ ရောင်းထုတ်မှာ မဟုတ်ပေမယ့် အကယ်၍ ဟာခီမီကသာ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်ခဲ့မယ် ဆိုရင် ၂၀၂၅ခုနှစ် နွေဈေးကွက်မှာ ဟာခီမီကို မဖြစ်မနေ ရောင်းချရမှာပါ။