စပိန်လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် လီဗာပူးကြယ်ပွင့် ဖာမီနိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က နေရာစုံမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ပြည့်နှက်နေတဲ့ အသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်မှူး နေရာမှာ ဘန်ဇီမာနဲ့ မာရီယာနိုတို့ နှစ်ဦးထဲသာ ရှိပြီး ဘန်ဇီမာက အသက်အရွယ်ကြောင့် ပွဲတိုင်း မကစားနိုင်တော့သလို မာရီယာနိုကလည်း ရာသီကုန်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။

Photo Credit: Express

ဒါကြောင့် ရီးရဲလ်မက်ဒရစ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေနေပြီး အက်စ်ပန်ညို တိုက်စစ်မှူး ဂျိုဆီလူနဲ့ တိုက်စစ်မှူးဟောင်း မိုရာတာတို့က ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ရှိနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ရာသီကုန်မှာ လီဗာပူးနဲ့ လမ်းခွဲတော့မယ့် ရော်ဘတ်တို ဖာမီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ဖာမီနိုရဲ့ အပြောင်းအရွှေ့ အတွက် အသင်းတွင်း အစည်းအဝေး တခု ပြုလုပ်ခဲ့သလို တာဝန်ရှိသူ အများစုက ဖာမီနိုကို သဘောကျကြကြောင်း သိရပါတယ်။

Photo Credit: Inside Sports

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဖာမီနိုက ၂၀၁၅ခုနှစ် ကနေ ၂၀၂၃ခုနှစ် အထိ လီဗာပူး အတွက် ကစားပေးခဲ့သူ ဖြစ်ပြီး သူက လီဗာပူးအတွက် စုစုပေါင်း ၃၆၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁၀ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဖာမီနိုက ဥရောပ နာမည်ကြီးအသင်း အများအပြားရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ ရရှိထားပြီး အကယ်၍ ရီးရဲလ်မက်ဒရစ်ကသာ ဖာမီနိုကို ကမ်းလှမ်းခဲ့မယ် ဆိုရင် ဖာမီနိုဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နီးစပ်သူတွေက ဆိုပါတယ်။