မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်သစ် ဖြစ်လာတော့မယ့် နာမည်ကျော် ဗြိတိန်ဘီလျံနာကြီး ဆာဂျင်ရက်ကလစ်ဖ်က ယူနိုက်တက်ရဲ့ လူငယ် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို လာမယ့်နွေမှာ အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။
အတူနေ ချစ်သူ မိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွဲချက်တင်ခံရပြီး တရားရင်ဆိုင်ခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားချိန် ယူနိုက်တက်အတွက် ပြန်ကစားပေးဖို့ အခွင့်မသာသေးတဲ့အတွက် ဂီတာဖေးအသင်းဆီ အငှားနဲ့ သွားကစားခဲ့ရပါတယ်။
Photo Credit : SNL24
အခုတော့ အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးလေး ဂရင်းဝုဒ်က ဂီတာဖေးအသင်းမှာ အတော်လေးကို ခြေစွမ်းပြသလျက် ရှိနေပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲ ကစားထားချိန် (၄)ဂိုးသွင်း (၃)ဂိုးဖန်တီးပေးထားနိုင်သလို နောက်ဆုံး ကစားခဲ့တဲ့ (၇)ပွဲဆက်တိုက်အထိ ပွဲထွက်ကစားသမားအဖြစ်ပါ ကစားထားရပါတယ်။
ယူနိုက်တက်မှာကတည်းက ခြေစွမ်းပြနိုင်သူဖြစ်တဲ့ ဂရင်းဝုဒ်ကို ဂီတာဖေးဘက်က အပြီးသတ် ခေါ်ယူချင်နေသလို အပြီးသတ် မခေါ်ယူနိုင်ရင်တောင် အငှားသက်တမ်းကို တိုးမြှင့်ချင်နေပြီး ဂရင်းဝုဒ်ရဲ့ အခြေအနေကိုလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ လာလီဂါအသင်းတွေကပါ စောင့်ကြည့်နေပါတယ်။
Photo Credit : Stretty News
ဒါပေမယ့် ယူနိုက်တက်ရဲ့ ရှယ်ယာရှင်သစ် ဖြစ်လာတော့မယ့် ဆာဂျင်ရက်ကလစ်ကလည်း ယူနိုက်တက်အတွက် တကယ်လိုအပ်နေတဲ့ ကစားသမားဖြစ်သူ ဂရင်းဝုဒ်ကို အသင်းကနေ လက်လွတ်သွားဖို့ ဆန္ဒမရှိပဲ အသင်းမှာသာ ပြန်လည် အသုံးပြုသွားစေချင်နေပါတယ်။
ယူနိုက်တက်မှာ ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဦးစားပေး ဆောင်ရွှက်သွားမယ့် ဆာဂျင်ရက်ကလစ်က ယူနိုက်တက်အတွက် ဗြိတိန်နိုင်ငံသား ကစားသမား အရေအတွက်ကို အမြောက်အမြား ဖြစ်စေချင်နေပြီး အင်္ဂလန်သားဖြစ်တဲ့ ဂရင်းဝုဒ်ကိုလည်း အသင်းဆီ ပြန်လည် ခေါ်ဆောင်နိုင်ပါတယ်။