ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလီယံနာ သန်းကြွယ်သူဌေး တဦး ဖြစ်သူ ရက်ကလစ်ဖ်က သူ ငယ်ငယ်ထဲက အားပေးလာခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဒူဘိုင်းစော်ဘွားအုပ်စုနဲ့ အပြိုင် ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ဆယ်စုနှစ် ၂စုနီးပါး ပိုင်ဆိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ပိုင်ရှင်သစ် တဦးဆီ ပြန်လည် ရောင်းချချင်နေပြီး ယမန်နေ့မှာလည်း မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က သူတို့အသင်းဟာ ပိုင်ရှင်သစ် ၊ ရင်းနှီးမြှုပ်နှံမှု အသစ်ကို ရှာဖွေနေကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ရဲ့ ကြေညာချက် အပြီးမှာပဲ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ဘီလီယံနာ သန်းကြွယ်သူဌေး အတော်များများက မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စတင် လှုပ်ရှားလာကြပြီး နာမည်ကြီး အာရပ်နိုင်ငံ တခု ဖြစ်တဲ့ ဒူဘိုင်းနိုင်ငံရဲ့ အမည်မဖော်လိုတဲ့ စော်ဘွား တဦးကလည်း မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၁၀ ဘီလီယံ အထိ အကုန်အကျ ခံကာ ဝယ်ယူချင်နေကြောင်း အာရပ်သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

တဖက်မှာတော့ ဗြိတိန်နိုင်ငံရဲ့ ဆာဘွဲ့ရ သူဌေးကြီး ဂျင်မီ ရက်ကလစ်ဖ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ပြီး ရက်ကလစ်ဖ်ဟာ ပေါင် ၁၃.၅ ဘီလီယံ အထိ ကြွယ်ဝ ချမ်းသာတာကြောင့် ဒူဘိုင်းရဲ့ အမည်မသိ စော်ဘွားနဲ့ ပြိုင်ကာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်စွမ်း ရှိပါတယ်။

Photo Credit: Mirror

နာမည်ကြီး ဗြိတိန်သတင်းဌာနတွေ ဖြစ်တဲ့ Telegraph ၊ Mirror ၊ Daily Mail စတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ရက်ကလစ်ဖ်က မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၆ဘီလီယံ ဝန်းကျင်နဲ့ ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး ရက်ကလစ်ဖ်ရဲ့ ကိုယ်စားလှယ်တွေကလည်း မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စတင် လှုပ်ရှားနေကြကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုကတော့ မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၅ဘီလီယံနဲ့ ၇ဘီလီယံ ဝန်းကျင်ကြား ပမာဏ တရပ်နဲ့ ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။