ဗြိတိန်ရဲ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး ရက်ကလစ်ဖ်ရဲ့ ကုမ္ပဏီ ဖြစ်တဲ့ Ineosရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက သူတို့ရဲ့ ကုမ္ပဏီဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း အတည်ပြုသွားခဲ့ပါတယ်။

အသက် ၇၀ အရွယ် ဗြိတိန်ရဲ့ အချမ်းသာဆုံး သူဌေးကြီး ရက်ကလစ်ဖ်က ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်ကို အစဉ်တစိုက် အားပေးလာခဲ့သူ ဖြစ်ပြီး သူက မကြာခဏ ဆိုသလို မန်ချက်စတာ ယူနိုက်တက်ကို ဂလေဇာမိသားစုရဲ့ လက်ထဲကနေ ပြန်လည် ဝယ်ယူဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ကနဦးမှာ အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပေမယ့် လက်ရှိမှာတော့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၅ဘီလီယံ ဝန်းကျင်နဲ့ ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဂလေဇာမိသားစုရဲ့ ကိုယ်စားလှယ်တွေက ကမ္ဘာတဝှမ်းမှာ ရှိတဲ့ သန်းကြွယ်သူဌေးတွေနဲ့ ချိတ်ဆက်ကာ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့ ကြိုးစားနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သူ ရက်ကလစ်ဖ်က ဂလေဇာမိသားစုရဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချတော့မယ် ဆိုတဲ့ သတင်းစကားကို ကြားကြားချင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို စတင် ဝယ်ယူဖို့ အစီအစဉ် ရေးဆွဲခဲ့တာ ဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရက်ကလစ်ဖ်ရဲ့ ကုမ္ပဏီ ဖြစ်တဲ့ Ineosရဲ့ တာဝန်ရှိသူတွေက ယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစုထံ တိုက်ရိုက် ဆက်သွယ်ကာ သူတို့ဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အဆင်သင့် ရှိကြောင်း အသိပေးခဲ့ပါတယ်။

Photo Credit: The Sun

Ineosရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက – “ကျွန်တော်တို့ဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူချင်တဲ့ အကြောင်း သက်ဆိုင်သူတွေကို တရားဝင် အသိပေးထားပြီးပါပြီ။ ကျွန်တော်တို့က ဆွေးနွေးမှုတွေလည်း စတင် ပြုလုပ်နေပါပြီ” လို့ ရက်ကလစ်ဖ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့အကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ကလည်း ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့ နီးစပ်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို မတ်လ အကုန်မှာပဲ အပြီးသတ် ရောင်းချဖို့ စီစဉ်ထားကြောင်းလည်း ဆိုပါတယ်။