ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တက်သစ်စ လူငယ်တိုက်စစ်မှူး ဟွိုင်လန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ရင်ဆိုင် တွေ့ဆုံခဲ့သမျှ ပွဲတွေမှာ သူအကြိုက်ဆုံးပွဲက ၂၀၁၁ခုနှစ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၈-၂ အာဆင်နယ် ပွဲစဉ်ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အတ္တလန်တာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၃.၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Manchester United

ဟွိုင်လန်းက ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကစားခွင့် ရနေပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

ယနေ့ညမှာတော့ ဟွိုင်လန်းရဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၇) အဖြစ် အစဉ်အလာပြိုင်ဘက် အာဆင်နယ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ကစားသမျှ ပွဲတိုင်းဟာ အကြိတ်အနယ် ရှိတဲ့ ပွဲတွေ ဖြစ်ခဲ့ပေမယ့် လတ်တလောမှာ အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းက မန်ချက်စတာ ယူနိုက်တက်ထက် အပြတ်အသတ် အသာစီး ရနေသလို အာဆင်နယ်က ချန်ပီယံဆု အတွက် မဖြစ်မနေ နိုင်ပွဲ ရယူဖို့ လိုအပ်နေတာကြောင့် ဒီနေ့ညမှာ အာဆင်နယ်ကပဲ နိုင်ပွဲ ရသွားဖို့ ရာခိုင်နှုန်း များနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အာဆင်နယ်ကို အိမ်ကွင်းမှာ မရှုံးနိမ့်အောင် ခံကစားရဖို့ ရှိနေပေမယ့် ဟွိုင်လန်း ၊ ဂါနာချို ၊ အန်တိုနီ စတဲ့ မြန်နှုန်းမြင့် ကစားသမားတွေ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်တွေက အာဆင်နယ်ကို ဒုက္ခပေးသွားနိုင်ပြီး ဟွိုင်လန်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ အကြိုက်ဆုံး မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲက ရွန်းနီရဲ့ ဟက်ထရစ်နဲ့ ယူနိုက်တက်တို့ နိုင်ခဲ့တဲ့ ၈-၂ပွဲ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Sky Sports

ဟွိုင်လန်းက – “ကျွန်တော်အကြိုက်ဆုံး မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲက (၈-၂)ပွဲပါ။ ဒီရွေးချယ်မှုက မဆိုးဘူးမလား။ ကျွန်တော် မှတ်မိသမျှထဲမှာ အဲ့ဒီပွဲက အကောင်းဆုံးပွဲပါပဲ။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်က အာဆင်နယ်ကို ၃-၁နဲ့ နိုင်ခဲ့တဲ့ပွဲကိုလည်း ကြိုက်ပါတယ်။ အဲ့ဒီပွဲမှာ အန်တိုနီက သူ့ရဲ့ ပထမဦးဆုံးဂိုးကို ရခဲ့တယ်လေ” လို့ ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် ၈-၂ အာဆင်နယ်ပွဲကို ၂၀၁၁ခုနှစ် ၊ ဩဂုတ်လ ၂၈ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပြီး ယူနိုက်တက် အတွက် သွင်းဂိုးတွေကို ရွန်းနီက ၃ဂိုး ၊ အက်ရှလေယန်းက ၂ဂိုးနဲ့ ဝဲလ်ဘက် ၊ ပက်ဂျီဆန် ၊ နာနီတို့က ၁ဂိုးစီ အသီးသီး သွင်းယူပေးခဲ့ကြကာ အာဆင်နယ် အတွက် ချေပဂိုးတွေကိုတော့ ဝဲလ်ကော့နဲ့ နောင်တချိန်မှာ ယူနိုက်တက်ရဲ့ သူရဲကောင်း ဖြစ်လာမယ့် ဗန်ပါစီတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။