မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို သူရဲ့ အဆက်ဟောင်းလေး လူစီယာ လွိုင်းနဲ့အတူ မန်ချက်စတာမြို့က စားသောက်ဆိုင်တစ်ခုမှာ မြင်တွေ့ခဲ့ရပြီး သူတို့နှစ်ဦးဟာလည်း ပြန်တွဲနေကြပြီလို့ ထင်ကြေးပေးခံနေရပါတယ်။

ဒီနှစ်ဘောလုံးရာသီ မစတင်ခင်မှာ ဂိုးတွေ ရှယ်သွင်းယူသွားမယ်လို့ ကြုံးဝါးခဲ့ပြီးမှ တကယ်တမ်းမှာတော့ ခုထိ ပြိုင်ပွဲစုံ သွင်းဂိုး (၁)ဂိုးသာ သွင်းထားနိုင်သေးတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခုတော့ သူ့ ချစ်သူဟောင်းနဲ့ ပြန်လည် အဆင်ပြေနေတဲ့ အခြေအနေတွေကြောင့် ခြေစွမ်းကောင်းတွေ ပြန်ပြလာနိုင်တဲ့ အလားအလာတွေပါ မြင်လာရနိုင်ပါတယ်။

Photo Credit : Reuters

ဒါက ဘာကြောင့်လဲဆိုတော့ ရပ်ရှ်ဖို့ဒ်အနေနဲ့ သူ့ချစ်သူနဲ့ လမ်းခွဲပြီး single life ကို ဖြတ်သန်းနေရချိန်တွေမှာ ခြေစွမ်းပိုင်းအပေါ် ရိုက်ခတ်မှုတွေပါ ရှိလာခဲ့လို့ပါပဲ။ ပြီးခဲ့တဲ့ ဇွန်လမှာကတည်းက ရပ်ရှ်ဖို့ဒ် နဲ့ လူစီယာတို့ ဒုတိယအကြိမ် လမ်းခွဲမှုအပြီး ၂၀၂၃-၂၄ ဘောလုံးရာသီလည်း စတင်ရော ရပ်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်တွေက မနှစ်ကနဲ့ ဘာမှ မတူတော့အောင်ကို ကျဆင်းသွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီတုန်းက ရပ်ရှ်ဖို့ဒ်ဟာ သူရဲ့ချစ်ချစ်လေး လူစီယာနဲ့လည်း အတော်လေးကို အဆင်ပြေခဲ့ပုံ ရပါတယ်။ ဂိုး(၃၀)အထိတောင် သွင်းယူခဲ့ပြီး (၁၁)ဂိုး ဖန်တီးမှု လုပ်ဆောင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်က လူစီယာနဲ့ လမ်းခွဲပြီး အခုရာသီမှာတော့ သွင်းဂိုးတောင် (၁)ဂိုးလေးပဲ သွင်းယူနိုင်တဲ့အထိ ခြေစွမ်းပိုင်းတွေ မယုံနိုင်လောက်အောင် ကျသွားခဲ့ပါတယ်။

 

Photo Credit : The Sun

၂၀၂၁ခုနှစ်ကတည်းက လူစီယာနဲ့ ပထမဆုံး လက်တွဲဖြုတ်ခဲ့ချိန်တုန်းက ၂၀၂၁-၂၂ တစ်ရာသီလုံး ဂိုး(၅)ဂိုးပဲ သွင်းယူနိုင်တဲ့အထိ ရုပ်ပေါက်လောက်စရာ ခြေစွမ်းမျိုးကို ပြသခဲ့တဲ့အထိ အခြေအနေ ဆိုးရွှားခဲ့ရပါတယ်။ ဒါကြောင့်ပဲ ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းပိုင်းတွေဟာ သူ့အနားမှာ သူ့ချစ်သူ လူစီယာနဲ့ ရှိနေ ရှိမနေတာနဲ့ တိုက်ရိုက် အချိုးကျမလားလို့တောင် တွေးချင်စရာပါ။

အခုကတော့ လူစီယာနဲ့ ပြန်ပြီး အဆင်ပြေနေသယောင်တွေ ရှိလာခဲ့တာကြောင့် ဒီရာသီမှာ အထူး စပယ်ရှယ် ဝေဖန်ခံနေရတဲ့ Rashy အနေနဲ့ သွင်းဂိုးတွေ ပြန်လာတော့မလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။