ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၀ ဘရန့်ဖို့ဒ် ပွဲအပြီးမှာ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက် ရယူသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၃ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် အသင်းကြီးတွေကို ဒုက္ခပေးလေ့ရှိတဲ့ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ မားကပ် ရက်ဖို့ဒ်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အဖိုးတန်နိုင်ပွဲ တပွဲကို ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက် ၁-၀ ဘရန့်ဖို့ဒ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ပွဲစပွဲဆုံး ဘရန့်ဖို့ဒ်ကို ခြေစွမ်းအသာ ၊ စိတ်ဓာတ်အသာနဲ့ ဖိကစားနိုင်ခဲ့တာကြောင့် နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ ဆိုရပါမယ်။

ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်က အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာ အထိ ပြန်လည် တက်လှမ်းလာနိုင်သလို အဆင့်(၅)နေရာမှာ ရှိနေတဲ့ စပါးထက် တပွဲလျော့ ကစားထားချိန်မှာ စပါးကို ရမှတ် ၃မှတ် ဖြတ်ထားနိုင်တာကြောင့် လက်ကျန်ပွဲ ၁ပွဲကို ထပ်မံ အနိုင် ကစားနိုင်ခဲ့ရင် အဆင့်(၄)အတွင်း ဝင်နိုင်ဖို့ ရာခိုင်နှုန်း များသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ဖို့ ဖြစ်တာကြောင့် လက်ကျန်ပွဲတွေမှာ အမှားမခံပဲ ကစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းသွားခဲ့တာပါ။

ရက်ဖို့ဒ်က – “ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ရမှတ်တွေကို များနိုင်သမျှ များများ စုဆောင်းရမယ်။ ပြီးတော့ ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစား ကစားရပါမယ်။ ကျွန်တော်တို့က ကစားပုံကောင်း တခုကို ဆက်ထိန်းပြီး ကစားဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့က ရတဲ့ အချိန်လေးမှာ ကောင်းကောင်း အနားယူမယ်။ ပြီးရင် နောက်ထပ်ပွဲ အတွက် ပြင်ဆင်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ပါလိမ့်မယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။