ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၁ အဲဗာတန်တို့ရဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ၁ဂိုးသွင်း ၊ ၁ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီးနောက် သူဟာ သူ့ဘဝရဲ့ အကောင်းဆုံး ပုံစံကောင်း တခုကို ရနေပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား ၆၄သင်းအဆင့် ရှုံးထွက်ပွဲ အဖြစ် အဲဗာတန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ပွဲစပွဲဆုံး ကစားကွက်အသာနဲ့ အဲဗာတန်ကို ဖိကစားနိုင်ခဲ့သလို အဓိက တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ ခြေစွမ်းကောင်းတွေကြောင့် အလွယ်တကူပဲ နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက် ၃-၁ အဲဗာတန် ပွဲစဉ်မှာ ဖလားပွဲ ဆိုပေမယ့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး အဲဗာတန်က ခံစစ်မှူး ၅ယောက် အထိ ထည့်သွင်းကာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ရပ်တန့်အောင် ကြိုးစားခဲ့ပေမယ့် အလုပ်တော့ မဖြစ်ခဲ့ပါဘူး။

အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို အန်တိုနီ ၊ ရက်ဖို့ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြသလို အဲဗာတန်အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ နောက်ခံလူ ကိုဒီကလည်း လက်ဆောင်ဂိုး တဂိုး သွင်းပေးခဲ့ပါသေးတယ်။

Photo Credit: 90 Min

မန်ချက်စတာ ယူနိုက်တက် ၃-၁ အဲဗာတန် ပွဲအပြီးမှာတော့ နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲဆက် ဂိုးသွင်းယူထားနိုင်တဲ့ ရက်ဖို့ဒ်က သူဟာ သူ့ဘဝရဲ့ အကောင်းဆုံး ပုံစံကောင်း တခုကို ရထားကြောင်းနဲ့ သူ့ရဲ့ နေရာယူမှုတွေက ပိုကောင်းလာတာကြောင့် သွင်းဂိုးတွေ အဆက်မပြတ် သွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ဆိုလာပါတယ်။

ရက်ဖို့ဒ်က – “အခုချိန်မှာ ကျွန်တော်က ကျွန်တော့်ရဲ့ ကစားသမား ဘဝ တလျှောက် အကောင်းဆုံး ပုံစံကောင်း တခုကို ရနေတယ်လို့တောင် ပြောရပါမယ်။ ကျွန်တော်က ကွင်းထဲမှာ အကောင်းဆုံး ကစားနိုင်နေသလို သွင်းဂိုးတွေ သွင်းယူနိုင်မယ့် နေရာတွေမှာလည်း နေရာယူတတ်နေပါပြီ။ တကယ်လို့ ကျွန်တော့်ရဲ့ အသင်းဖော်တွေသာ အခုလို အခွင့်အရေးတွေ ဆက်တိုက် ဖန်တီးပေးနေမယ် ဆိုရင် ကျွန်တော်က သွင်းဂိုးတွေ ဆက်သွင်းနိုင်လိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။