မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် နဲ့ အန်တိုနီ မာရှယ်တို့ နှစ်ဦးဟာ အဖျားဝေဒနာတွေ ခံစားနေရတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ရနိုင်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီကနေ့မှာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ အုပ်စုကနေ နောက်တစ်ဆင့် တက်ဖို့အတွက် သေရေးရှင်ရေးသမျှ အရေးကြီးတဲ့ ပွဲစဉ်မှာပဲ ရပ်ရှ်ဖို့ဒ် နဲ့ မာရှယ်တို့ နှစ်ဦးလုံးကို အနားပေးသွားရနိုင်ပါတယ်။

Photo Credit : Clutch Points

ဒီကစားသမားနှစ်ဦးလုံး ဒီရာသီမှာ အသင်းအတွက် အားထားရလောက်အောင် မယ်မယ်ရရ စွမ်းဆောင်ထားနိုင်ခြင်း မရှိသလို အခုလည်း အဖျားဝေဒနာကြောင့် တနင်းလာနေ့က လေ့ကျင့်ခန်း အစီအစဉ်ကိုပါ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

တကယ်လို့ ဒီကစားသမား နှစ်ဦးလုံး ဘိုင်ယန်နဲ့ပွဲကို လွဲချော်မယ်ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ တိုက်စစ်မှာ ဟွိုင်လန်း ဂါနာချို အန်တိုနီ ပယ်လစ်စထရီတို့အပြင် လူငယ် ကစားသမား တချို့ကိုလည်း အရန်စာရင်းမှာ ထည့်သွင်းလာရဖွယ် ရှိနေပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အနေနဲ့ ရမှတ် (၄)မှတ်သာ ရရှိထားသေးတာဖြစ်လို့ အုပ်စုတက်ဖို့အတွက် အခုပွဲစဉ်မှာ ဘိုင်ယန်ကို အနိုင်ရဖို့ လိုအပ်နေတဲ့အပြင် တစ်ဖက်က ကိုပင်ဟေဂင် နဲ့ ဂါလာတာစာရေးပွဲမှာလည်း သရေရလဒ် ထွက်ပေါ်ဖို့ပါ လိုအပ်နေပါတယ်။

ယူနိုက်တက်က ဒီရာသီ ချန်ပီယံလိဂ်မှာ ဂိုးသွင်းအား အလွန်ကောင်းနေသလောက် ခံစစ်ကလည်း ဂိုးတွေ အမြောက်အများ ပြန်လည် ခွင့်ပြုထားရပြီး အဆိုးဆုံးကတော့ ပြိုင်ဘက်ကို ပြတ်ပြတ်သားသား ဦးဆောင်ထားပြီးမှ ဂိုးတွေ ပြန်ခွင့်ပြုရင်း ရမှတ်တွေ ဆုံးရှံးရတာဟာ ယူနိုက်တက်အတွက် အဆိုးဆုံး ဖြစ်ခဲ့ရပါတယ်။