နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အက်ဒီဟောင်းက ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ အာဂျင်တီးနားအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ လူငယ် ကွင်းလယ်ကစားသမားလေး အန်ဇိုဖာနန်ဒက်ဇ်ကို သတိထား စောင့်ကြည့်နေမိပေမယ့်လည်း ကစားသမားလေးရဲ့ world cup’s performance တွေကြောင့် တန်ကြေး အဆမတန် မြင့်တတ်လာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။

Image

Photo Credit : Twitter

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘင်ဖီကာ ကွင်းလယ်ကစားသမားလေး အန်ဇိုဟာ ဒီနှစ်နွေကမှ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်ကနေ ဘင်ဖီကာအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘင်ဖီကာအသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ရာကနေ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အာဂျင်တီးနားလက်ရွေးစင်အသင်း ကိုယ်စားပြုအဖြစ် ပါဝင်ခွင့် ရရှိလာခဲ့ ရပါတယ်။ ကစားသမားဘဝအတွင်း ပထမဆုံးသော major tournament အဖြစ် ကမ္ဘာ့ဖလားကို ဝင်ရောက် ဆင်နွဲခဲ့ရတဲ့ အန်ဇိုဟာ မမျှော်လင့်ပဲ မက္ကဆီကိုနဲ့ပွဲမှာ လူစားဝင် ကစားရင်း ခြေစွမ်းပြခဲ့တာကြောင့် နောက်ပိုင်းပွဲတွေ တောက်လျှောက် ကစားခွင့် ရရှိလာခဲ့ပြီး အသင်းနဲ့ ၂၀၂၂ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း လူငယ် အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ရပါတယ်။

Newcastle United - Eddie Howe tests positive for Covid-19

Photo Credit : Newcastle United

ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေသူ အန်ဇိုဖာနန်ဒက်ဇ်ကို ဥရောပ ထိပ်သီးကလပ်အသင်းတွေက အလိုရှိနေကြပြီး အခုလည်း ဆော်ဒီသူဌေးကြီး ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းက အန်ဇိုရဲ့ အခြေအနေတွေကို စောင့်ကြည့်လာခဲ့ပါတယ်။ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက “ကျွန်တော် အန်ဇိုကို သတိထားမိပြီးတော့ သူ့ကိုလည်း သိထားပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေးက တော်တော်လေး များမယ်လို့ ကျွန်တော် ထင်မိပါတယ်။ ရှီးယားက ဒီချာတိတ်လေး ကျွန်တော်တို့အသင်းအတွက် ကောင်းလိမ့်မယ်လို့ ပြောခဲ့တာလား။ တောင်းပန်ပါတယ် အလန်ရှီးယားရေ။ ကျွန်တော် တခြား လမ်းကြောင်းမှာပဲ ရှိနေတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကွင်းလယ်နေရာစုံမှာ ကစားတတ်သူ အန်ဇိုကို ရီးယဲလ် လီဗာပူးလ် ပီအက်စ်ဂျီ မန်စီးတီးအသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ဒီလို အရည်အသွေးမြင့် ကစားသမားမျိုးကို ပိုင်ဆိုင်ထားတဲ့ ဘင်ဖီကာအသင်းဟာလည်း အန်ဇိုကြောင့် နောက်ထပ် မက်မောလောက်စရာ ပြောင်းရွှေ့ကြေးတွေ ထပ်မံ ရရှိဖွယ် ရှိနေပါတယ်။