ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကို ပိုင်ဆိုင်တဲ့ Qatar Sports Investments (QSI) အဖွဲ့အစည်းက သူတို့တွေ ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီရဲ့ အစုရှယ်ယာ အနည်းငယ်ကို ရောင်းချဖို့ ပြင်ဆင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ကာတာနိုင်ငံရဲ့ ကျောထောက်နောက်ခံပေးမှုကို ရရှိထားတဲ့ QSIက ၂၀၁၁ခုနှစ်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ဝယ်ယူခဲ့တာ ဖြစ်ပြီး QSIဟာ ပီအက်စ်ဂျီကို ဝယ်ယူပြီးနောက် ကြယ်ပွင့် ကစားသမား အများအပြားကို ခေါ်ယူကာ ဥရောပတိုက်ရဲ့ အကောင်းဆုံးအသင်း ဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

Photo Credit: ESPN

QSIက မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ ၊ ဗာရက်တီ ၊ မာကွင်ဟို့စ် ၊ ကာဗာနီ ၊ လာဗက်ဇီ စတဲ့ ကစားသမားတွေ အပြင် အခြား ထိပ်တန်း ကစားသမား အများအပြားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတွေ ပေးချေကာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် အမြင့်ဆုံး အောင်မြင်မှု အဖြစ် ချန်ပီယံလိဂ် ငွေတံဆိပ်ဆုသာ ရခဲ့ပါတယ်။

ဒါကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ ပီအက်စ်ဂျီက သူတို့ရဲ့ အားကစားစီမံကိန်းကို ကြယ်ပွင့်စုဆောင်းရေး ကနေ လူငယ်ကြယ်ပွင့် မွေးထုတ်ရေးသို့ ပြောင်းလဲခဲ့ကာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာလည်း လူငယ်ကြယ်ပွင့်တွေကိုသာ အားစိုက် ခေါ်ယူခဲ့ပါတယ်။

Photo Credit: PSG Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ Qatar Sports Investments အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက သူတို့ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေထဲက အနည်းစုကို ပြန်လည် ရောင်းချကာ ရင်းနှီးမြုပ်နှံသူ အသစ် ရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြပြီး မကြာခင်မှာ Qatar Sports Investmentsက ရှယ်ယာတွေကို ဈေးကွက်ပေါ် တင်နိုင်တယ်လို့ သိရပါတယ်။

Qatar Sports Investmentsက ပီအက်စ်ဂျီရဲ့ စုစုပေါင်း ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာကြောင့် သူတို့တွေက ရှယ်ယာ ၅ရာခိုင်နှုန်းခန့်ကို ရောင်းထုတ်နိုင်ပြီး လက်ရှိမှာတော့ အရှေ့အလယ်ပိုင်းဒေသရဲ့ ဘီလီယံနာတွေ အပြင် အမေရိကန် သန်းကြွယ်သူဌေးတွေကပါ ပီအက်စ်ဂျီရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။