ပြင်သစ် လီဂူးဝမ်း ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက ၂၀၂၃ခုနှစ် အတွင်းမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် လက်ရှိနည်းပြ ဂယ်လ်တီယာကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းနည်းပြဟောင်း တူဟယ်လ်ကို ပြန်ခေါ်ဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အိုလီဗီယာ တယ်လာရွန်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီ အစကမှ လိုင်လီနဲ့အတူ လီဂူးဝမ်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ဖူးတဲ့ ပြင်သစ်လူမျိုး နည်းပြဖြစ်သူ ဂယ်လ်တီယာကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီး ဂယ်လ်တီယာကို ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Mirror

ဂယ်လ်တီယာရဲ့ လက်အောက်မှာ ပီအက်စ်ဂျီက သွင်းဂိုးတွေ များများစားစား သွင်းယူလာနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းက ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင် အတော်လေး အားလျော့နေခဲ့ပြီး ပီအက်စ်ဂျီဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ပွဲဆက် ဂိုးပေးထားရပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမအကျော့မှာလည်း ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ပီအက်စ်ဂျီဘုတ်အဖွဲ့က နည်းပြဖြစ်သူ ဂယ်လ်တီယာ အပေါ် စိတ်ပျက်မှုတွေ ရှိလာခဲ့ပြီး အကယ်၍ ဂျာမန်မြေမှာ ကစားရမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာသာ ရှုံးပွဲနဲ့ ထပ်ကြုံခဲ့ရင် ဂယ်လ်တီယာရဲ့ အနာဂတ်ဟာ ကြီးကြီးမားမား လှုပ်ခတ်လာနိုင်ပါတယ်။

Photo Credit: Mirror

နာမည်ကြီး ပြင်သစ်သတင်းထောက် ဖြစ်သလို ပီအက်စ်ဂျီနဲ့လည်း နီးစပ်တဲ့ တယ်လာရွန်ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ဂယ်လ်တီယာကို ရာထူးကနေ ထုတ်ပယ်ပြီးရင် ခန့်အပ်မယ့် နည်းပြသစ်စာရင်းကို စတင် စုဆောင်းနေပြီး ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူ တချို့က အသင်းရဲ့ နည်းပြဟောင်း တူဟယ်လ်ကို နည်းပြသစ် အဖြစ် ပြန်လည် ခန့်အပ်ချင်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ၊ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလားတို့ကို ရခဲ့တဲ့ တူဟယ်လ်က ပီအက်စ်ဂျီကို ၂၀၂၀ခုနှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ တူဟယ်လ်က အသင်းလက်မဲ့ နည်းပြတဦး ဖြစ်နေပါတယ်။