ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ သေချာသွားပြီးနောက် နာပိုလီကြယ်ပွင့် ခွာဗရက်စခီလီယာကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ၂၀၁၇ခုနှစ်မှာ မိုနာကို ကနေ ပီအက်စ်ဂျီထံ ၁ရာသီအငှား + ပြောင်းရွှေ့ကြေး ယူရို ၁၈၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ပီအက်စ်ဂျီ အတွက် ၇နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၃၀၆ပွဲ အထိ ပါဝင် ကစားပေးခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေက ပြိုင်ပွဲစုံ ၃၀၆ပွဲမှာ ပီအက်စ်ဂျီ အတွက် သွင်းဂိုး ၂၅၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀၈ကြိမ် အထိ ဖန်တီးပေးနိုင်ခဲ့ပြီး သူက ပီအက်စ်ဂျီရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ မှတ်တမ်းကောင်းကိုလည်း ရယူ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အမ်ဘာပေက ပီအက်စ်ဂျီရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူချင်တဲ့ သူ့ရဲ့ အိမ်မက်ကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီကို စွန့်ခွာကာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အလမ်း များတဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ အမ်ဘာပေကို လက်လွှတ်ရဖို့ သေချာသွားပြီးနောက် ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အမ်ဘာပေရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေကို လိုက်လံ ရှာဖွေနေပြီး ပီအက်စ်ဂျီရဲ့ ပစ်မှတ်စာရင်းထဲမှာ အေစီမီလန် တောင်ပံကစားသမား လီယာအို ၊ နာပိုလီကြယ်ပွင့် ခွာဗရက်စခီလီယာနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ ပါဝင်နေပါတယ်။

Photo Credit: The Sun

ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ နာမည်ကြီး ပြင်သစ်သတင်းထောက်တွေ ဖြစ်ကြတဲ့ ဘန်ဂျမင် ကွာရက်ဇ်နဲ့ မီချီနိုအာတို့ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ အမ်ဘာပေကို လက်လွှတ်ရဖို့ သေချာသွားပြီးနောက် နာပိုလီကြယ်ပွင့် ခွာဗရက်စခီလီယာကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပြီး ဆွေးနွေးမှုတွေဟာ အဆင်ပြေ ချောမွေ့နေကာ နာပိုလီက ခွာဗရက်စခီလီယာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း လိုချင်နေကြောင်း သိရပါတယ်။

အသက် ၂၃နှစ် အရွယ် ဂျော်ဂျီယာလက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ခွာဗရက်စခီလီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျော်ဂျီယာ ထိပ်သီးကလပ် ဘာတူမီ ကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၁၃.၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ၂ရာသီအတွင်းမှာ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၈၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၄ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၆ကြိမ် ရရှိထားပါတယ်။