ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ကန်ပို့စ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် လာမယ့် နွေဈေးကွက်မှာ နာပိုလီတိုက်စစ်မှူး အိုဆီမန်ကို အမိအရ ခေါ်ယူရန် ဆုံးဖြတ်ထားကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီက မက်ဆီ ၊ အမ်ဘာပေ ၊ နေမာ ၊ အက်ခီတခီ စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် မက်ဆီဟာ အသက်အရွယ်ကြောင့် ရေရှည် အားကိုးလို့ မရတော့သလို အမ်ဘာပေနဲ့ နေမာတို့ရဲ့ အနာဂတ်တွေကလည်း မရေရာတော့တာကြောင့် အသင်းအတွက် ရေရှည် အားကိုးရမယ့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Nigeria Post

တဖက်မှာတော့ အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်က လိုင်လီကနေ နာပိုလီထံ ပြောင်းရွှေ့ခဲ့ပြီးနောက် သူဟာ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြထားနိုင်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း အိုဆီမန်ဟာ ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဥရောပရဲ့ အင်အားကြီးအသင်းတွေက လာမယ့် နွေဈေးကွက်မှာ အိုဆီမန်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး အိုဆီမန်ကလည်း မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သူ့ရဲ့ အနာဂတ် အတွက် လာမယ့် နွေဈေးကွက်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်းနဲ့ သူဟာ နာပိုလီနဲ့ တိုင်ပင်ကာ အနာဂတ် အတွက် သေချာ ဆုံးဖြတ်သွားမယ်လို့ ဆိုထားပါတယ်။

Photo Credit: Nigeria Post

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းထောက် တဦး ဖြစ်သူ ဟောကင်းရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အိုဆီမန်ရဲ့ အေးဂျင့်တွေထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စတင် လှုပ်ရှားနေပြီ ဖြစ်ပြီး ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာ ကန်ပို့စ် ကိုယ်တိုင် အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ ဦးဆောင် ကြိုးစားနေသလို အိုဆီမန်ကလည်း ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

နာပိုလီက အိုဆီမန်ကို လိုင်လီကနေ ခေါ်ယူခဲ့စဉ်မှာ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း အထိ အသုံးပြုခဲ့ရတာကြောင့် အိုဆီမန်ကို ပြန်လည် ရောင်းချရရင် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း အထိ လိုချင်နေပြီး ပီအက်စ်ဂျီကလည်း အိုဆီမန် အတွက် နာပိုလီရဲ့ တောင်းဆိုမှုကို လိုက်လျောဖွယ် ရှိနေပါတယ်။