ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီက လာမယ့် နွေဈေးကွက်မှာ လီဗာပူးကြယ်ပွင့် လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဒီယက်ဇ်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ လုပ်နေပြီး ဆွေးနွေးမှုတွေက အဆင်ပြေ ချောမွေ့နေတာကြောင့် ဒီယက်ဇ်ဟာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့နိုင်ချေ ရှိနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ပီအက်စ်ဂျီက လာမယ့် နွေဈေးကွက်မှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို လက်လွှတ် ဆုံးရှုံးရဖို့ ရှိနေတာကြောင့် အမ်ဘာပေရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း တိုက်စစ်ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး ပီအက်စ်ဂျီရဲ့ ပစ်မှတ်စာရင်းထဲမှာ လူးဝစ် ဒီယက်ဇ်လည်း ပါဝင်နေပါတယ်။

Photo Credit: Team Talk

အသက် ၂၇နှစ် အရွယ် ကိုလံဘီယာ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား လူးဝစ် ဒီယက်ဇ်က ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ အပြင် လိုအပ်ရင် အထောင်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိကာ သူက လျင်မြန်ကာ ပြိုင်ဘက်တွေကို အလွယ်တကူ လိမ်ခေါက် ဖြတ်ကျော်နိုင်ပါတယ်။

လူးဝစ် ဒီယက်ဇ်က ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးရဲ့ မရှိမဖြစ် တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူက ဒီရာသီမှာ လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဆမ် ဝေါလေ့စ်ရဲ့ ဖော်ပြချက်အရ လူးဝစ် ဒီယက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဆွေးနွေးမှုတွေက အဆင်ပြေနေတာကြောင့် ဒီယက်ဇ်ဟာ လာမယ့် နွေဈေးကွက်မှာ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သိရှိရပါတယ်။

လူးဝစ် ဒီယက်ဇ်က လီဗာပူးနဲ့ ၂၀၂၇ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်တာကြောင့် လီဗာပူးက သူ့ကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ပေမယ့် အကယ်၍ ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် ကမ်းလှမ်းမှု ရောက်လာရင်တော့ ဒီယက်ဇ်ကို ရောင်းချဖို့ စဉ်းစားနိုင်ချေ ရှိပါတယ်။