ဒီနွေမှာ မန်ချက်စတာ စီးတီးအသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ် ရှိနေတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူသွားဖို့ ကလပ်အသင်းတွေ များစွာက စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ ပြင်သစ်လီဂူး ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းလည်း ပါဝင်လို့နေပါတယ်။

အသက် (၂၄)နှစ်အရွယ် တိုက်စစ်မှူး အဲလ်ဗာရက်ဇ်ဟာ ၂၀၂၂ခုနှစ်ကမှ ရေးဗားပလိတ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့အတူ (၂)ရာသီအထိ ကျင်လည်ပြီးချိန်မှာပဲ ဆုဖလားအားလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့သလို ပွဲပေါင်း (၁၀၃)ပွဲအထိ ကစားခဲ့ရပေမယ့်လည်း အဲလ်ဗာရက်ဇ်က ပွဲကြီးတွေမှာဆိုရင် အာလင်း ဟာလန်းရဲ့နောက် အရန်ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။

Photo Credit : Instagram

ပြီးခဲ့တဲ့ရာသီထဲမှာလည်း အဲလ်ဗာရက်ဇ်နဲ့ မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာတို့ကြား ကတောက်ကဆတွေ ဖြစ်ခဲ့ရပြီး အာဂျင်တီးနား အိုလံပစ်အသင်းအတွက် ဝင်ကစားပေးဖို့ ခွင့်မပြုခဲ့တဲ့အပေါ်မှာလည်း အဲလ်ဗာရက်ဇ်က ဂွာဒီယိုလာကို မကျေမနပ် ဖြစ်နေတယ်လို့ပါ သတင်းထွက်ပေါ်လို့နေပါတယ်။

ဒီလို အခြေအနေမှာ အဲလ်ဗာရက်ဇ်ကို အသက်လက်တီကို မက်ဒရစ်အသင်းကနေ အငှားနဲ့ ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ပေမယ့် မန်စီးတီးဘက်က ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့သလို အဲလ်ဗာရက်ဇ်အတွက် ဘယ်အငှားကမ်းလှမ်းချက်ကို လက်ခံသွားမျာ မဟုတ်ဘူးလို့ပဲ ယတိပြတ် ငြင်းပယ်ခဲ့ပါသေးတယ်။

Photo Credit : Transfermarket

အဲလ်ဗာရက်ဇ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ အခြေအနေကို အသက်လက်တီကို အပါအဝင် ပီအက်စ်ဂျီနဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ် ချယ်လ်ဆီးအသင်းတို့ကပါ စောင့်ကြည့်လို့နေပြီး စတာလင်း ပါလ်မာတို့လို စီးတီး ကစားသမားတွေ ဆက်တိုက် ခေါ်ယူထားတဲ့ ချယ်လ်ဆီးက အခုလည်း အဲလ်ဗာရက်ဇ်ကိုပါ အလိုရှိလာခဲ့ပါတယ်။

လတ်တလောမှာတော့ နာမည်ကျော် အီတလီလူမျိုး ဘောလုံးသတင်းထောက် ဖာဘရဇီယို ရိုမာနို ဖော်ပြထားတဲ့ သတင်းမှာ ပီအက်စ်ဂျီအသင်းက အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့အတွက် အဲလ်ဗာရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ လုပ်ဆောင်ထားလျက် ရှိနေတယ်လို့ သိရပြီး အဲလ်ဗာရက်ဇ်ကို ချယ်လ်ဆီးနဲ့အပြိုင် လုရဖွယ် ရှိနေပါတယ်။