မကြာသေးမီကမှ အသင်းရဲ့ နည်းပြဖြစ်သူ တူဟယ်လ်ကို ရာထူးကနေ ဆိုင်းမဆင့် ဗုံမဆင့် ထုတ်ပယ်ခဲ့တဲ့ ချယ်လ်ဆီးက ယမန်နေ့ညမှာပဲ အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူး အတွက် ဘရိုက်တန်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ အင်္ဂလိပ်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက် အသင်းရဲ့ အကြီးတန်း တာဝန်ရှိသူ အများအပြားနဲ့ လမ်းခွဲခဲ့သလို ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေက တူဟယ်လ်ရဲ့ ရေရှည် စီမံကိန်း အားနည်းမှုကို သဘောမကျတာကြောင့် တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းကို ရေရှည် ကိုင်တွယ်နိုင်မယ့် နည်းပြတဦးကို ခေါ်ယူဖို့ စီစဉ်ခဲ့ပါတယ်။

Photo Credit: Be Soccer

ချယ်လ်ဆီးက တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဘရိုက်တန်နဲ့အတူ တောက်ပနေတဲ့ အင်္ဂလိပ်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကို ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူ ခန့်အပ်ခဲ့ပါတယ်။

ချယ်လ်ဆီးက ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ဘရိုက်တန်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၅သန်း ဝန်းကျင် ပေးချေခဲ့ရပြီး အဆိုပါ စာချုပ်ဖျက်သိမ်းကြေးကြောင့်ပဲ ဂရေဟမ် ပေါ်တာဟာ ဘောလုံးသမိုင်း တလျှောက် ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

Photo Credit: Be Soccer

ချယ်လ်ဆီးက ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် မခန့်အပ်မီမှာ ကမ္ဘာပေါ်မှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး နည်းပြစာရင်းရဲ့ နံပါတ်တစ် နေရာကို လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ပေါင် ၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂျာမန်နည်းပြ နစ်ဂယ်စမန်းက သိမ်းပိုက်ထားနိုင်ခဲ့ပြီး သူ့ရဲ့နောက် ဒုတိယနေရာကိုတော့ ပေါ်တိုကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ပေါင် ၁၃သန်းကျော်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဗီလာ ဘိုအာ့စ်က ရယူထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ချယ်လ်ဆီးက ဂရေဟမ် ပေါ်တာ အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၅သန်းကျော် ပေးချေခဲ့ရပြီးနောက် ဂရေဟမ် ပေါ်တာက သူ့ရဲ့ နောင်တော်ကြီး ဗီလာ ဘိုအာ့စ်ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။