ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ EFL ဖလားပွဲစဉ်မှာ အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပေမယ့် အဆိုပါ ရှုံးပွဲဟာ သူတို့အသင်း အတွက် တိုးတက်မှု တခုပဲလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့က EFLဖလား ရှုံးထွက်ပွဲစဉ် အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းစလုံးက အဓိက ကစားသမား အနည်းငယ် + အရန် ကစားသမား အများအပြားနဲ့ ပွဲထွက်လာခဲ့ကြပြီး အိမ်ရှင် မန်ချက်စတာ စီးတီးက ချယ်လ်ဆီးထက် ကစားပုံ ပိုကောင်းခဲ့ပါတယ်။

Photo Credit: Sky Sports

နှစ်သင်းစလုံးက ပွဲထွက်ခွင့် လိုအပ်နေတဲ့ ကစားသမားတွေကို အသုံးပြုခဲ့တာကြောင့် ကစားသမားတွေ အားလုံးဟာ အားကုန်ထုတ် ကြိုးစား ကစားခဲ့ကြပြီး မန်ချက်စတာ စီးတီးက ချယ်လ်ဆီးထက် အဆုံးသတ်ပိုင်း ပိုမို ကောင်းမွန်ခဲ့တာကြောင့်သာ အနိုင်ရလဒ်ကို ရရှိသွားခဲ့တာပါ။ မန်ချက်စတာ စီးတီး အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၅၃မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ်နဲ့ ပွဲချိန် ၅၈မိနစ်မှာ တိုက်စစ်မှူး အယ်ဗာရက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

မန်ချက်စတာ စီးတီး ၂-၀ ချယ်လ်ဆီးပွဲစဉ် အပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက မန်ချက်စတာ စီးတီးကို ရှုံးနိမ့်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ စိတ်ပျက်မိပေမယ့် သူ့အသင်းရဲ့ ခြေစွမ်းပိုင်း အတွက် ကျေနပ်သလို မန်ချက်စတာ စီးတီးကို ရှုံးနိမ့်ခဲ့မှုဟာ ချယ်လ်ဆီးအတွက် တိုးတက်မှု တခုလို့ ယူဆချင်လည်း ယူဆလို့ ရကြောင်း ဆိုလာပါတယ်။

Photo Credit: Sky Sports

ဂရေဟမ် ပေါ်တာက – “ကျွန်တော်တို့တွေ ဒီပွဲမှာ အပေါင်းလက္ခဏာ ဆန်တဲ့ အကြောင်းအရာလေးတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့က ရှုံးပွဲအတွက် စိတ်ပျက်မိပေမယ့် ကစားပုံအတွက် ပျော်ရွှင်ရပါတယ်။ ကျွန်တော်တို့က ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့သလို ပိုကောင်းတဲ့ ကစားကွက် အခင်းအကျင်း ၊ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက ပြီးခဲ့တဲ့ပွဲထက် (အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲ) ပိုပြီး စည်းလုံးခဲ့ပါတယ်။ ကောင်လေးတွေကလည်း ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တသင်းနဲ့ ယှဉ်ကစားနိုင်စွမ်း ရှိကြောင်းကို ကြိုးစားမှုနဲ့ သက်သေပြခဲ့ပါတယ်။ သူတို့အသင်းရဲ့ ဂိုးသမားက ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရသွားတာပါ။ ဒါကြောင့် ကျွန်တော်တို့က ရှုံးနိမ့်ခဲ့ပေမယ့် ဒီပွဲဟာ ကျွန်တော်တို့ အတွက် တိုးတက်မှု တခုပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။